ရခိုင်ပဋိပက္ခတွေကြောင့် ထွက်ပြေးခဲ့သူတွေကို လာမယ့် ၂၃ ရက်နေ့ကစ လက်ခံမယ်

ဓာတ်ပုံ မူပိုင် MOFA
Image caption ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများ

ရခိုင်ပြည်မြောက်ပိုင်း ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို ဇန်နဝါရီလ ၂၃ ရက်နေ့က စတင်ဖို့ ဘင်္ဂလားဒေ့ရှ်-မြန်မာ ၂ နိုင်ငံဟာ ဇန်နဝါရီ ၁၆ ရက်က သဘောတူလက်မှတ်ရေးထိုးလိုက်ပါတယ်။

၂ ဖက် သဘောတူညီချက်အရ ဘင်္ဂလားဒေ့ရှ် အစိုးရဖက်ကနေ နေရပ်ပြန်လိုတယ်ဆိုပြီး တင်ထားတဲ့ လျှောက်လွှာတွေထဲက တပတ်ကို လျှောက်လွှာ ၁၅၀၀၀ ပေးပို့မှာ ဖြစ်ပါတယ်။

မြန်မာအစိုးရဖက်ကတော့ အဲ့ဒီလျှောက်လွှာတွေထဲက စိစစ်ပြီး တနေ့ကို အယောက် ၃၀၀ နှုန်းနဲ့ တပတ် ၅ ရက်မှာ လူ ၁၅၀၀ လက်ခံမယ်လို့ ပြောပါတယ်။ ဒီအရေအတွက်ဟာ ကနဦး အနေအထားဖြစ်ပြီး နောက်ပိုင်းမှာတော့ လက်ခံတဲ့အပေါ်မူတည်လို့ ကိန်းဂဏန်းကို ပြန်လည်စဉ်းစားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ က ပြောပါတယ်။

လောလောဆယ်မှာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ပြန်လည်စိစစ်လက်ခံရေးဖောင်တွေပေးလိုက်ပြီး သူတို့ဖက်က စခန်းတွေကို ပို့၊ အဲ့ဒီကနေ ပြန်လာဖို့ လျှောက်လွှာတင်တဲ့စာရင်းကို စိစစ်မယ်လို့ ဦးမြင့်သူက ပြောပါတယ်။

ကုန်းလမ်းကနေ ဝင်လာမယ့် ဒုက္ခသည်တွေကို တောင်ပြိုလက်ဝဲစခန်း၊ ရေကြောင်းကနေ ဝင်လာမယ့်သူတွေကို ငါးခူရစခန်း တွေမှာထားမှာ ဖြစ်ပါတယ်။ မောင်တောက လှဖိုးခေါင် ယာယီစခန်းမှာတော့ ရွက်ဖျင်တဲတခုမှာ လူ ၁၀ ယောက်အထိ ထားမှာဖြစ်ပြီး လူ ၃ သောင်းလောက်အထိ နေနိုင်ဖို့ ပြင်ဆင်ထားတယ်လို့ ရခိုင်ပြည်နယ် လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံဖြိုးရေးစီမံကိန်း UEHRD က ဒုက္ကဌ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောထားပါတယ်။

ဒုက္ခသည် ပြန်လည် လက်ခံရေး အကြိတ်အနယ် ဆွေးနွေးနေ

ဒုက္ခသည် ပြန်ခေါ်ရေး နှစ်လအတွင်း စတင် လုပ်ဆောင်ဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် သဘောတူ

နိုင်ငံခြားရေးအမြဲတမ်းအတွင်းဝန် ၂ ဦးလက်မှတ်ထိုးခဲ့တဲ့ သဘောတူညီချက်အရ မိမိဆန္ဒအလျောက်ပြန်လာမယ့်သူတွေကိုပဲ မြန်မာဖက်က လက်ခံမှာဖြစ်ပြီး ဓာတ်ပုံ အထောက်အထား သန်းခေါင်းစာရင်းအချက်အလက် စတဲ့ လူဝင်မှုကြီးကြပ်ရေးအချက်အလက်တွေနဲ့ တိုက်စစ်ပြီးကာမှ လက်ခံမှာဖြစ်ပါတယ်။

စခန်းထဲရောက်လာတဲ့ ဒုက္ခသည်တွေကို ကျန်းမာရေးစစ်ဆေးပေးတာတွေလုပ် လက်ဗွေရာ ရယူတာ နဲ့ အချက်လက်ဖြည့်တာတွေလုပ်ပြီး NVC လို့ခေါ်တဲ့ နိုင်ငံသားစိစစ်ရေးကဒ်ပြားတွေထုတ်ပေးပြီး နေထိုင်ဖို့ ရွာတွေဆီကို ပို့ပေးမယ်လို့ နိုင်ငံခြားရေးဌာန အမြဲတန်းအတွင်းဝန်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးတဲ့သူ ၆သိန်းကျော် ရှိတယ်လို့ ကုလသမဂ္ဂက ပြော

ရခိုင်ပြည်မြောက်ပိုင်းအကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် လူ ၆ သိန်းကျော်လောက် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးလာတယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။

ဘင်္ဂလားဒေ့ရှ်-မြန်မာ သဘောတူညီချက်အရ ဒုက္ခသည်ပြန်လည်လက်ခံရေး အစီစဉ်မှာတော့ လူဘယ်နှယောက်လက်ခံမယ်ဆိုတဲ့ အသေးစိတ်ကို အခုဆွေးနွေးပွဲမှာ သဘောတူညီချက်မရခဲ့သလို မြန်မာဖက်ကတော့ ဒုက္ခသည် ၃ သိန်းခွဲ၊ ၄ သိန်းလောက်ကိုပဲ လက်ခံဖို့ ရှိတယ်လို့ နိုင်ငံခြားရေးဌာန အမြဲတန်းအတွင်းဝန် ဦးမြင့်သူက ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ

ဘီဘီစီ တဝန်း