တနှစ်သား YBS အခက်အခဲ

Image caption အဆင်မပြေမှုတွေ ရှိနေသေးတယ်လို့ ပြောဆို ဝေဖန်မှုတွေ ရှိသလို မလုပ်ခင်က စနစ်တကျ လေ့လာမှု ရှိမရှိဆိုတဲ့ ဝေဖန်မေးခွန်းထုတ်မှုတွေလည်း ရှိခဲ့ပါတယ်

မော်တော်ယာဉ် လိုင်းပေါင်းစုံ ကြီးကြပ် ထိန်းသိမ်းရေး ဗဟို ကော်မတီ မထသကို ဖျက်သိမ်းပြီး ရန်ကုန် အများပိုင် ယာဉ်လိုင်း စနစ် YBS ကို တည်ထောင် စက အများ ပြည်သူ အဆင် မပြေ မှုတွေနဲ့ ဝေဖန် မှုတွေကို ရင်ဆိုင် ခဲ့ရ ပါတယ်။

အခု အချိန် အထိ တချို့ နေရာတွေမှာ အဆင် မပြေ မှုတွေ ရှိနေ သေးတယ်လို့ ပြောဆို ဝေဖန် မှုတွေ ရှိသလို မလုပ်ခင်က စနစ် တကျ လေ့လာမှု ရှိမရှိ ဆိုတဲ့ ဝေဖန် မေးခွန်း ထုတ်မှု တွေလည်း ရှိခဲ့ပါတယ်။

ဒါပေမယ့် အခု ဆိုရင် ဒီစနစ် ဖော်ဆောင် ခဲ့တာ တနှစ် ပြည့်ပြီ ဖြစ်ပါတယ်။

ဒီတနှစ် ပြည့်မှာတော့ ဒီဘတ်စကား စနစ်ဟာ မျှော်မှန်း ထားတဲ့ အခြေ အနေရဲ့ ၇၀ ရာခိုင်နှုန်းနီးပါး အောင်မြင် တယ်လို့ ရန်ကုန်တိုင်း ဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင် အဖွဲ့ အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ပြောပါတယ်

ဒီလို အောင်မြင်မှုတွေ ရှိတယ် ဆိုပေမယ့် တချို့ နေရာ တွေမှာ ခရီးသည် တွေဟာ ကားစောင့် ရတာတွေ ရှိနေသေး သလို အရင်က တဆင့်ထဲ စီးတဲ့ ခရီးကို နှစ်ဆင့် စီးရ တာတွေ ရှိသေးတယ် လို့ ဆိုကြ ပါတယ်။

အထူး သဖြင့် ညနေပိုင်း ဆိုရင် လိုင်းကားတွေ နေရာမှာ ကြားကား တွေက အစားထိုး ဝင်လာခဲ့ပြီး တဆင့်ထဲ မြန်မြန် ရောက်ချင် သူတွေ အတွက် ကြားကားကို သုံးစွဲ ရတုန်းပဲ ဖြစ်ပါတယ်။

အများပိုင် ကုမ္ပဏီတွေ ကိုတော့ သတ်မှတ်ချိန် အထိ ဆွဲဖို့ ကိုင်တွယ် နိုင်ပေမယ့် တဦးချင်း ပိုင် ကားတွေ ကိုတော့ မကိုင်တွယ် နိုင်သေး ပေမယ့် ဒီနှစ်ထဲ မှာတော့ မြို့ထဲကို ရောက်တဲ့ ကားမှန် သမျှ YBS စနစ်က ကားတွေ ဖြစ်အောင် လုပ်မယ်လို့ ဒေါက်တာ မောင်အောင်က ဘီဘီစီကို ပြောပါတယ်။

ဘတ်စကား စီးသူတွေ အတွက် နောက်ထပ် အခက် အခဲကတော့ ငွေ အကြွေ ရှားပါးတဲ့ အခက် အခဲ ဖြစ်ပြီး ဒါတွေကို ဖြေရှင်း နိုင်ဖို့ ကတ် စနစ်ကို ဒီနှစ်ထဲ အကောင် အထည် ဖော်သွား မယ်လို့ ဒေါက်တာ မောင်အောင်က ဘီဘီစီ ကို ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ