ဆန္ဒပြပွဲ ဦးဆောင်တဲ့ ကယန်းပါတီ ဥက္ကဋ္ဌ တရားစွဲခံရ

ဓာတ်ပုံ မူပိုင် Kayan Youth Generation
Image caption ဇန်နဝါရီလ ၅ ရက်နေ့ကလွိုင်ကော်မှာ လုပ်ခဲ့တဲ့ ကရင်နီစစ်သား ၊ အရပ်သားသတ်ဖြတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရေး ဆန္ဒပြပွဲ

ဇန်နဝါရီလ ၅ ရက်က လွိုင်ကော်မှာ လုပ်ခဲ့တဲ့ ကရင်နီ စစ်သားတွေနဲ့ အရပ်သား တဦးသေဆုံးမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ နိုင်ငံရေးပါတီ ဥက္ကဋ္ဌ တဦးအပါဝင် စုစုပေါင်း ၃ ဦးကို ငြိမ်းချမ်းစွာ စီတန်းလှည့်လည်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ နဲ့ အာဏာပိုင်တွေဘက်က တရားစွဲဆိုထားပါတယ်။

ကယန်းအမျိုးသားပါတီက ဥက္ကဋ္ဌ ခွန်းဘီထူး ၊ ကယန်းအမျိုးသား ဦးဆောင် ကော်မတီ အတွင်းရေးမှူး ခွန်းအသန်းနဲ့ ကရင်နီပြည်တောင်သူများ သမဂ္ဂ ဥက္ကဋ္ဌ ခွန်းတူရယ်တို့ ၃ ဦးကို လွိုင်ကော်ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက တရားစွဲဆိုခဲ့တာ ဖြစ်တယ်လို့ တရားစွဲခံရတဲ့ ကယန်း အမျိုးသားပါတီ ဥက္ကဋ္ဌ ခွန်းဘီထူးက ဘီဘီစီကို ပြောပါတယ်။

ဇန်နဝါရီလ ၁၇ ရက်နေ့ ညနေပိုင်းက ရဲတပ်ဖွဲ့ဘက်က လာရောက်အကြောင်းကြားခဲ့ပြီး ဇန်နဝါရီလ ၁၉ ရက်မှာ ရုံးထုတ် စစ်ဆေးသွားတော့မှာ ဖြစ်တယ်လို့လည်း ခွန်းဘီထူးက ပြောပါတယ်။

ဒေသခံ တထောင်လောက် ပါဝင်ဆင်နွှဲခဲ့တဲ့ ဆန္ဒပြပွဲဟာ ခွင့်ပြုချက်ရယူခြင်းမရှိပဲ ကျင်းပခဲ့တာဖြစ်ပြီး ဆန္ဒပြသူတွေကို ခွင့်ပြုချက်မဲ့ ဆန္ဒပြတဲ့အတွက် ဖမ်းဆီး အရေးယူသလိုပဲ ကရင်နီစစ်သားတွေနဲ့ အရပ်သား ၁ ဦး သတ်ဖြတ်ခံရမှု ကိုလည်း တရားဥပဒေ ကြောင်းအရ လူထုရှေ့မှာ စစ်ဆေးဖို့ လိုတယ်လို့ ခွန်းဘီထူးက ပြောပါတယ်။

ကရင်နီ စစ်သား ၃ ဦးသေဆုံးတာဟာ စစ်ရေးကိစ္စလို့ အကြောင်းပြရင်တောင် လက်သင့်ခံလို့ရကောင်းရနိုင်မှာ ဖြစ်ပေမယ့် အရပ်သား တဦး သတ်ဖြတ် အလောင်းဖျောက်ခံရတဲ့ ကိစ္စကတော့ လက်သင့်ခံစရာမရှိဘူးလို့ ခွန်းဘီထူးက ပြောပါတယ်။

ဒီဇင်ဘာလအတွင်းက ဖြစ်ပွားခဲ့တဲ့ ကရင်နီ စစ်သား ၃ ဦးနဲ့ အရပ်သား တဦးသေဆုံးမှု အပေါ် ဒေသတွင်း လူငယ်သမဂ္ဂတွေက လူငယ်အချို့ကလည်း ဒီဇင်ဘာလ ၂၂ ရက်က လွိုင်ကော်မြို့မှာ ရှိတဲ့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် ရှေ့မှာ သွားရောက် ဆန္ဒပြခဲ့ကြသလို အဲဒီလူငယ် ၅ ဦးဟာ ထောင်ဒဏ် ရက် ၂ဝ ချမှတ် ခံခဲ့ရပါတယ်။

ဓာတ်ပုံ မူပိုင် Kayan youth Generation
Image caption ကရင်နီစစ်သား၊ အရပ်သား သတ်ဖြတ်ခံရမှုအတွက် စစ်တပ်ရှေ့ဆန္ဒပြသူများအား တရားရုံးထုတ်စစ်ဆေးစဉ်က တွေ့ရစဉ်။

လွန်ခဲ့တဲ့ အပတ်ကလည်း ကရင်နီစစ်သားနဲ့ အရပ်သား သတ်ဖြတ်ခံရတာကို ပြည်နယ်လွှတ်တော်က အရေးယူဖို့အတွက် ဆွေးနွေး တိုက်တွန်းမှုတွေ မလုပ်တဲ့အတွက် မတရားမှုကို အားပေးရာ ရောက်တယ် ဆိုပြီး ပြည်နယ်လွှတ်တော်ရဲ့ ကော်မတီတချို့မှာ တာဝန်ထမ်းဆောင်နေတဲ့ လွှတ်တော်ကော်မတီဝင် ၄ ဦး တာဝန်က နုတ်ထွက်ခဲ့ကြပါတယ်။