တရားမျှတမှုရတဲ့အထိ ကယန်းလူငယ် ဆက်တောင်းဆိုမယ်

ဓာတ်ပုံ မူပိုင် Kayan Youth Generation
Image caption လွိုင်ကော်အကျဉ်းထောင်ရှေ့ ဆန္ဒပြနေကြတဲ့ကယန်းလူငယ်များ

ငြိမ်းချမ်းစွာ စီတန်း လှည့်လည်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၉ နဲ့ အာဏာပိုင်တွေက ဖမ်းဆီးခဲ့သူ ၃ ဦးအပေါ် စွဲဆိုထားတဲ့ အမှုကနေ ရုပ်သိမ်း ပေးဖို့အတွက် ကရင်နီပြည် လူငယ်များသမဂ္ဂ (UKSY) နဲ့ ဒေသခံ ကယန်း လူငယ် တွေဟာ အမှုရုံးချိန်းဖြစ်တဲ့ ဇန်နဝါရီ ၁၉ ရက်မှာ ကယားပြည်နယ် အစိုးရရုံးရှေ့မှာ ဆန္ဒပြသခဲ့ပါတယ်။

ဒီလိုဆန္ဒပြရာမှာ ကယားပြည်နယ်ဝန်ကြီးချုပ်က ဆန္ဒပြဦးဆောင်သူတွေကို ခေါ်ယူတွေ့ဆုံ ခဲ့ပေမယ့် သူတို့တောင်းဆိုတာတွေကို ဆောင်ရွက်ပေးမယ်လို့ ကတိမပေးတဲ့ အတွက် တရားမျှတမှု ရရှိတဲ့အထိ ဆက်လက် တောင်းဆို ဆန္ဒဖော်ထုတ် သွားမယ်လို့ ပြောဆိုကြပါတယ်။

ကယားပြည်နယ် ဝန်ကြီးချုပ်နဲ့ တွေ့ဆုံရာမှာ အရပ်သား သေဆုံးမှုဖြစ်ရပ် အပေါ် အရေးယူ ဆောင်ရွက်ပေးဖို့၊ ဖမ်းထားတဲ့ လူငယ် ၅ ဦးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့နဲ့ ငြိမ်းစုစီ ပုဒ်မနဲ့ တရားစွဲဆို ခံထားရသူ ၃ ဦးရဲ့ အမှုကို ပြန်ရုပ်သိမ်း ပေးဖို့ တောင်းဆိုခဲ့ကြတယ်လို့ ကရင်နီပြည်လူငယ်များ သမဂ္ဂ (UKSY) ရဲ့ အထွေထွေအတွင်းရေးမှုး ခွန်ဘားနတ်က ပြောပါတယ်။

ဆန္ဒပြပွဲ ဦးဆောင်တဲ့ ကယန်းပါတီ ဥက္ကဋ္ဌ တရားစွဲခံရ

ကေအန်ပီပီတပ်ဖွဲ့ဝင် အသတ်ခံရမှု အရေးမယူလို့ လွှတ်တော်ကော်မတီဝင် နုတ်ထွက်

ငြိမ်းစုစီပုဒ်မနဲ့ လွိုင်ကော်ရဲတပ်ဖွဲ့ကနေ တရားစွဲဆိုခဲ့သူ ၃ ဦးက ကယန်း အမျိုးသားပါတီက ဥက္ကဋ္ဌ ခွန်းဘီထူး၊ ကယန်းအမျိုးသား ဦးဆောင်ကော်မတီ အတွင်းရေးမှူး ခွန်းအသန်းနဲ့ ကရင်နီ ပြည်တောင်သူများသမဂ္ဂ ဥက္ကဋ္ဌ ခွန်းတူရယ်တို့ ဖြစ်ပြီး သူတို့တွေကို လက်ရှိမှာ လွိုင်ကော် အကျဉ်းထောင်မှာ ချုပ်ထားပါတယ်။

သူတို့တွေကို ဖမ်းဆီး ထောင်ချခဲ့တာက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်က လွိုင်ကော်မှာလုပ်ခဲ့တဲ့ ကရင်နီစစ်သား ၄ ဦးနဲ့ အရပ်သား ၁ ဦး သေဆုံးမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲမှာ ဦးဆောင် ပါဝင်ခဲ့လို့ဆိုပြီး အာဏာပိုင်တွေက ဥပဒေပုဒ်မ ၁၉ နဲ့ ဇန်နဝါရီလ ၁၇ ရက်က ဖမ်းဆီးတရားစွဲဆို ခဲ့တာပါ။ ဒီအမှုရဲ့ရုံးချိန်းကို ဇန်နဝါရီ ၁၉ ရက်မှာ ပြုလုပ်ပြီး လာမယ်ရုံးချိန်းကိုတော့ ဇန်နဝါရီ ၂၃ ရက်မှာ ဆက်လက် စစ်ဆေးမယ်လို့ သိရပါတယ်။

အလားတူပဲ ဒီဇင်ဘာလအတွင်း ကယားပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ကရင်နီစစ်သား ၃ ဦးနဲ့ အရပ်သား ၁ ဦးသေဆုံးမှုအပေါ် ဒေသတွင်း လူငယ်သမဂ္ဂတွေနဲ့ ဒေသခံလူငယ် တချို့ကလည်း ဒီဇင်ဘာလ ၂၂ ရက်က လွိုင်ကော်မြို့မှာရှိတဲ့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ရှေ့မှာ သွားရောက် ဆန္ဒပြခဲ့ကြလို့ဆိုပြီး ဦးဆောင်လူငယ် ၅ ဦးကိုလည်း ထောင်ဒဏ် ရက် ၂ဝ ချမှတ် ခံထားရပါတယ်။