ကချင်အရပ်သားတွေကို သတ်ဖြတ်တဲ့ တပ်မတော်သားတွေ ပြစ်ဒဏ်ကျ

Image caption တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ မန်စီနယ်

ကချင်ပြည်နယ် မန်စီမြို့နယ် မိုင်ခေါင်စစ်ရှောင် ဒုက္ခသည်စခန်းက ကချင်တိုင်းရင်းသား ၃ ဦးကို မန်စီအခြေစိုက် ခမရ ၃၁၉ တပ်ရင်းရှိ အရာရှိ တပ်သားတွေက သတ်ဖြတ်လိုက်တဲ့ကိစ္စအတွက် တပ်ရင်းမှုးအပါအဝင် အရာရှိ ၄ ယောက်နဲ့ အကြပ်တပ်သား ၂ယောက်ကို ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ထောင်ဒဏ် ၁၀နှစ် စီရင်ချက်ချမှတ်လိုက်ပါတယ်။

မန်စီမြို့ ခမရ ၃၁၉ ရဲ့ တပ်ဓမ္မာရုံအတွင်းမှာ ပြုလုပ်တဲ့ စစ်ခုံရုံးကနေ စီရင်ဆုံးဖြတ်ခဲ့ပါတယ်။

ပြစ်ဒဏ်စီရင်ချက်ချမှတ်ခံရသူတွေဟာ တပ်ရင်းမှူးဗိုလ်မှူးဇေယျာဦး၊ စစ်ကြောင်းမှူး ဗိုလ်ကြီးလွှမ်းမိုးအောင် အပြင် ဗိုလ်ကြီးတယောက်၊ ဗိုလ်တယောက်၊ ဒုတပ်ကြပ်တယောက်နဲ့ တပ်သားတယောက်တို့ဖြစ်ပါတယ်။

သူတို့အားလုံးကို တပ်ကနေ ရာသက်ပန်ထုတ်ပယ်ပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်စီပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဇန်နဝါရီလ ၁၉ ရက်နေ့မှာ အပြီးသတ် စီရင်ချက်ချရမယ်လို့ ညွှန်ကြားတဲ့အတွက် မိသားစုတွေကို စီရင်ချက်လာရောက်နားထောင်ဖို့ အနီးကပ်ပြီး အကြောင်းကြား ခေါ်ယူခဲ့တယ်လို့လည်း သေဆုံးသူတဦးရဲ့ ဆွေမျိုးတော်စပ်သူက ဘီဘီစီကို ပြောပါတယ်။

Lစစ်ရှောင် ကချင် ၃ ဉီး သတ်ခံရမှု အမှုဖွင့် စစ်ဆေး

၂၀၁၇ ခုမေလတုန်းက ကချင်ပြည်နယ် မန်စီမြို့နယ် မိုင်းခေါင်ကျေးရွာ ကက်သလစ် အသင်းတော်ရဲ့ စစ်ဘေးရှောင် ကယ်ဆယ်ရေးစခန်းမှာ ခိုလှုံနေတဲ့ ကချင်ရွာသားသုံးဦးကို မြန်မာ့တပ်မတော်က ဖမ်းဆီးခေါ်ယူသွားခဲ့ပြီး နောက် ပျောက်ဆုံးလို့ လိုက်ရှာရာမှာ မိုင်းခေါင်အရှေ့ဘက် ၄ မိုင်အကွာမှာ သူတို့ အလောင်းတွေ မြှုပ်နှံထားတာကို တွေ့ခဲ့ရတဲ့အမှုဖြစ်ပါတယ်။

ဒုက္ခသည်စခန်းမှာ စစ်ဘေးကနေ တိမ်းရှောင်နေတဲ့ မရန်ဘရန်ဆိုင်း၊ အင်ခွန်ဂမ်အောင်၊ လဗျနော်ခွန်းတို့သုံးယောက်ကို နေ့စားအလုပ်လုပ်ရာက အပြန် မြန်မာ့တပ်မတော်က ၂၀၁၇ ခုမေလ ၂၅ ရက်နေ့မှာ ဖမ်းဆီးခေါ်ဆောင်သွားပြီး ပြန်ရောက်မလာတဲ့အတွက် လိုက်လံရှာဖွေရာမှာ မိုင်းခေါင်အရှေ့ဘက် ၄ မိုင်အကွာမှာ သူတို့ အလောင်းတွေ မြှုပ်နှံထားတာကို မေလ ၂၈ ရက်နေ့ကျမှ တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

တရားရုံးစစ်ဆေးချက်အရ မေလ ၂၆ ရက်မနက်ခင်းမှာ အင်ခွန်ဂမ်အောင်က သေနတ်ပစ်ပုံပစ်နည်းမေးတာကိုပြသရင်း တပ်သားဖြိုးကိုရဲ့ သေနတ်ကကျည်ဆံ မတော်တဆထွက်ပြီး အင်ခွန်ဂမ်အောင် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် အတူပါလာတဲ့ မျက်မြင်သက်သေနှစ်ဦးဖြစ်တဲ့ မရန်ဘရန်ဆိုင်းနဲ့ လဗျနော်ခွန်းတို့ကိုပါ အထက်အရာရှိနဲ့ တိုင်ပင် သုတ်သင်ခဲ့တယ်လို့ဆိုပါတယ်။

အခုလို အပြစ်ရှိသူတွေကို ထောင်ဒဏ် စီရင်ချက်ချမှတ်ခဲ့တဲ့ အတွက် ကျေနပ်မိပေမယ့် အမှန်တကယ် ထောင်သွင်း အကျဉ်းချမှုရှိမရှိကိုတော့ သံသယဝင်မိတယ်လို့ သေဆုံးသူရဲ့ ဆွေမျိုးနီးစပ်တော်စပ်သူ တယောက်က ဘီဘီစီကို ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ