မြောက်ဦးလို ထပ်မဖြစ်ဖို့ ရခိုင်မှာ လုံခြုံရေးတိုးမြှင့်

Image caption မြောက်ဦး ဖြစ်စဉ် အပြီးမှာ လူမှုကွန်ယက်မီဒီယာတွေကတဆင့် ဆန္ဒပြဖို့ လှုံ့ဆော်မှုတွေ ရှိနေ

ဇန်နဝါရီလ ၁၆ ရက်နေ့က ဖြစ်ခဲ့တဲ့ မြောက်ဦးပဋိပက္ခအပြီးမှာ စစ်တွေမြို့အပါအဝင် မြို့နယ်အသီးသီးမှာ လုံခြုံရေး တိုးချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြောက်ဦး ပဋိပက္ခ ဖြစ်အပြီး တခြားမြို့ရွာတွေကို ကူးစက်ပြီး ဆူပူ အကြမ်းဖက်မှုတွေ ဖြစ်မလာအောင် ကာကွယ်တဲ့ အနေနဲ့ ရခိုင်ပြည်နယ်က ခရိုင်ငါးခုအတွင်းမှာရှိတဲ့ မြို့နယ် ၁၇ မြို့နယ်စလုံးမှာ လုံခြုံရေးတိုးချထားတယ်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက ဘီဘီစီကို ပြောပါတယ်။

အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးမှုတွေ ရှိနိုင်တယ်လို့လည်း သတင်းရထားတဲ့အတွက် တမြို့နယ်ချင်း လုံခြုံရေး တိုးမြှင့်ပေးထားတယ်လို့လည်း သူက ပြောပါတယ်။

ဇန်နဝါရီလ ၁၆ ရက်နေ့က မြောက်ဦးမြို့မှာ လုပ်မယ့် ရခိုင်ဘုရင့်နိုင်ငံတော် ကျဆုံးမှု အထိမ်းအမှတ်ပွဲကို အာဏာပိုင်တွေက တားမြစ်ခဲ့တဲ့အတွက် ဆန္ဒပြမှု ဖြစ်ပွားရာမှာ ရဲတွေက ပစ်ခတ်ခဲ့လို့ လူ ၇ ဦး သေဆုံးပြီး ၁၀ ကျော် ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ် အပြီးမှာ လူမှုကွန်ယက်မီဒီယာတွေကတဆင့် ဆန္ဒပြဖို့ လှုံ့ဆော်မှုတွေ ရှိနေတဲ့အတွက် အလားတူ ထပ်မံဖြစ်ပွားလာမှာကို ဒေသခံတွေ ဘက်က စိုးရိမ်မှုတွေ ရှိနေပါတယ်။

အခုလို ပဋိပက္ခတွေ ထပ်ဖြစ်လာမှာကို ဒေသခံတွေက မလိုလားပေမယ့် အစိုးရဘက်ကလည်း အရေးယူဆောင်ရွက်မှုတွေ လုပ်ဖို့လိုတယ်လို့ စစ်တွေမြို့က လူမှုရေးဖောင်ဒေးရှင်း အဖွဲ့ဝင် တဦးဖြစ်တဲ့ ဦးခိုင်ကောင်းစံက ဘီဘီစီကို ပြောပါတယ်။

ဇန်နဝါရီလ ၁၉ ရက်နေ့ကတော့ မြောက်ဦးပဋိပက္ခနဲ့ ဆက်စပ်ပြီး စာပေဟောပြောပွဲ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဦးစံလှဘော်နဲ့ အပေါင်းအပါတွေကို နိုင်ငံတော် ပုန်ကန်မှုနဲ့ တရားစွဲထားတယ်လို့ သိရပါတယ်။

တဆက်တည်းမှာပဲ ရသေ့တောင်မြို့နယ်မှာ ဟောပြောပွဲ ပြုလုပ်ခဲ့တဲ့ အမ်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင် တို့ကိုလည်း နိုင်ငံတော် ပုန်ကန်မှုနဲ့ အကြည်ညို ပျက်စေမှု၊ မတရားသင်း ဆက်သွယ်မှုတွေနဲ့ အာဏာပိုင်တွေက တရားစွဲဆို ဖမ်းဆီးထားပါတယ်။