အင်္ဂါနေ့မှာ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံကို ပြန်မပို့နိုင်သေး

ဓာတ်ပုံ မူပိုင် EPA
Image caption ဒုက္ခသည်တွေ ပြန်လည် လက်ခံရေး မြန်မာဘက်က ပြင်ဆင်ဆောင်ရွက်

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံ အကြား အစောပိုင်းက သဘောတူထားသလို ရိုဟင်ဂျာ ဒုက္ခသည်တွေကို မြန်မာနိုင်ငံကို ပြန်ပို့ဖို့ အစီအစဉ်ကို အင်္ဂါနေ့မှာ စတင်နိုင်ဦးမှာ မဟုတ်သေးဘူးလို့ ဘင်္ဂလားဒေ့ရှ် အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေက ပြောပါတယ်။

ဒုက္ခသည်တွေ ပြန်ပို့ရေးမှာ အဆင်သင့် မဖြစ်သေးတဲ့ အစီအစဉ်တွေထဲမှာ ပြန်လည် လက်ခံရေး စခန်းတွေ ဆောက်လုပ်ဖို့နဲ့ ဒုက္ခသည် အမည်စာရင်းကို နှစ်နိုင်ငံ အစိုးရက တရားဝင် အတည်ပြုဖို့တွေ ပါတယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ရိုဟင်ဂျာ ပြန်လည် နေရာချထားရေး ကော်မတီ ကော်မရှင်နာ အဗ္ဗဒူလ် ကာလမ် က ဒုက္ခသည် အရေအတွက်ဟာ ၇သိန်း ဒါမှမဟုတ် ဒါ့ထက် ပိုနိုင်ပါတယ်။ အဲဒီလူတွေရဲ့ မိသားစု အချက်အလက်၊ သူတို့ ဘယ်က လာတယ် ဆိုတာတွေနဲ့ ပတ်သက်လို့ စာရင်း အချက်အလက်တခု အပြီးသတ်ဖို့ ဘင်္ဂလားဒေ့ရှ်ဘက်က စာရင်း အတိအကျမှ မပေးရသေးပါဘူး။ လုပ်နေတုန်းပဲ ရှိပါသေးတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်မှာလည်း ယာယီ ကြားစခန်းတွေ ထားဖို့ ရှိပါတယ်။ စခန်းတွေ ထားမယ့် နေရာကို ထုတ်ဖော် ပြောထားပြီး ဖြစ်ပြီး စခန်းတည်ဆောက်ဖို့ လုပ်နေပါတယ်။ မြန်မာဘက် က အဲဒီလူတွေကို ဘယ်ကို ခေါ်သွားပြီး ဘယ်မှာ ထားမယ် ဆိုတာကို ဘင်္ဂလားဒေ့ရှ် ဘက်က သိဖို့ လိုပါတယ်။ သူတို့တွေကို လုံခြုံရေး၊ စားနပ်ရိက္ခာနဲ့ နားခိုစရာ နေရာတွေက အသေအချာ ပေးဖို့ကလည်း ကိစ္စတရပ် ဖြစ်ပါတယ်။ ဒါဟာ အတော်လေး အချိန်ယူတဲ့ လုပ်ငန်းစဉ် ဖြစ်ပါတယ်လို့ အဗ္ဗဒူလ် ကာလမ် က ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံကို ပြန်လာမယ့် သူတွေအားလုံးဟာ ကိုယ့်သဘောနဲ့ကိုယ် ပြန်လာကြမှာ ဖြစ်တယ်လို့လည်း ဘင်္ဂလားဒေ့ရှ် အစိုးရက အတည်ပြုပြောပါတယ်။