တနိုင်းဒေသမှာ တိုက်ပွဲပြန်ဖြစ်ပြီး တင်းမာမှု မြင့်တက်လာ

ဓာတ်ပုံ မူပိုင် Father Vincent Zinwa
Image caption စစ်ဘေးရှောင်စခန်းကို စွန့်ခွာပြီး ဘေးလွတ်ရာကို ပြေးခဲ့ရတဲ့ နဒွပ်ယန်စခန်းက စစ်ဘေးရှောင်တွေ

တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် အကြား တနိုင်း ၊ မံစီနဲ့ ဆွန်ပရာဘွမ် ဒေသတွေမှာ တိုက်ပွဲတွေပြန်ဖြစ်လာနေပြီး တင်းမာမှုတွေ မြင့်တက်လာနေကာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာမဲ့ အရိပ်အယောင်တွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီလ ၂၁ ရက်နဲ့ ၂၂ ရက်နေ့တွေက တနိုင်းမြို့နယ် တင်းကောက်ရွာဘက်မှာ တိုက်ပွဲတွေဖြစ်နေသလို ဇန်နဝါရီလ ၂၂ ရက်နေ့ကပဲ တနိုင်းမြို့နယ်ထဲကို စစ်သုံးရဟတ်ယာဉ်တွေ မကြာခဏ သွားလာနေတာတွေ့ရပြီး စစ်အင်အားတွေများလာတာတွေ့ရတယ်လို့ တနိုင်းဒေသခံ ဦးတူးရှန်က ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် ပယင်းမှော်ထဲရောက်နေသူတွေကို ဇန်နဝါရီလ ၂၇ ရက်နေ့ နောက်ဆုံးထားထွက်ပေးဖို့ အမိန့်ထုတ်ထားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလတိုက်ပွဲတွေအတွင်း ကျေးရွာတွေထဲ လက်နက်ကြီးကျည်ဆံကျရောက်ပေါက်ကွဲမှုတွေလည်း ရှိခဲ့တယ်လို့ ဦးတူးရှန်က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း တနိုင်းမြို့နယ်ထဲမှာ ဒေသခံတွေ မိုင်းနင်းမိမှုကြောင့် အနည်းဆုံး ၇ ဦးလောက် ဒဏ်ရာရခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဆွန်ပရာဘွမ်ဒေသက နဒွပ်ယန် စစ်ဘေးရှောင်စခန်းကစစ်ဘေးရှောင်တွေကတော့ ဇန်နဝါရီလ ၂၂ ရက်နေ့က ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် စခန်းမှာ ရှိတဲ့ စစ်ဘေးရှောင်တွေဟာ ဘေးလွတ်ရာကို ပြေးခဲ့ရတယ်လို့ ကချင်ငြိမ်းချမ်းရေးကွန်ယက်က ပြောပါတယ်။

ကချင်ပြည်နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နမ့်ခမ်းမြို့နယ်နားမှာလည်း ဇန်နဝါရီလ ၂၂ ရက်နေ့က စစ်ရဟတ်ယာဉ်တွေ ပျံဝဲနေတာတွေ့ရသလို စစ်ကြောင်း လှုပ်ရှားမှုတွေကိုလည်း တွေ့လာရတယ်လို့ နမ့်ခမ်းနဲ့ ကချင်ပြည်နယ် မန့်ဝိန်းကြီး ဒေသဘက်က ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Sai Lao
Image caption နမ့်ခမ်းမြို့ ကောင်းကင်ယံမှာ ပျံဝဲနေတဲ့ စစ်သုံး ရဟတ်ယာဉ်တွေ

၂၀၁၁ ခုနစ်က စခဲ့တဲ့ ကေအိုင်အေနဲ့ တပ်မတော်အကြား တိုက်ပွဲတွေကြောင့် အနည်းဆုံး စစ်ဘေးရှောင် ၁ သိန်းလောက်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးပြီး စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေကြရပါတယ်။