အားလုံးပါဝင်ရေးမူကို ဖျက်ဆီးလိုသူရှိလို့ UNFC ပြော

ဓာတ်ပုံ မူပိုင် UNFC
Image caption UNFC ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) နှင့် ငြိမ်းချမ်း ရေး ကော်မရှင် (PC) တို့ နို၀င်ဘာလတုန်းက အဋ္ဌမအကြိမ် ဆွေးနွေးပွဲ ကျင်းပစဉ်

တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)မှာ လက်မှတ်ရေးထိုးရာမှာ အားလုံးပါဝင်ရေးဆိုတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)ရဲ့ မူကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးလိုသူတွေ ရှိတယ်လို့ UNFCက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက UNFC အဖွဲ့ဝင် မွန်ပြည်သစ် (NMSP)နဲ့ လားဟူ ဒီမိုကရက်တစ် (LDU) ပါတီတို့ NCAမှာ လက်မှတ်ရေးထိုးဖို့ ကြေညာတာနဲ့ ပတ်သက်ပြီး UNFCရဲ့ သဘောထားကို မေးမြန်းရာမှာ ဗဟိုကော်မတီဝင် ဦးထွန်းဇော်က အခုလို ပြောတာပါ။

ဖျက်ဆီးလိုတဲ့သူတွေက ဘယ်သူတွေလဲဆိုတာကိုတော့ မပြောပါဘူး။

အားလုံးမပါဝင်ဘဲ NCAမှာ လက်မှတ်ရေးထိုးရင်တော့ အနှစ်သာရမရှိ ဖြစ်နေအုံးမယ်လို့လည်း ဦးထွန်းဇော်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ၁၇ လအတွင်းမှာ UNFCရဲ့ နိုင်ငံရေးဆိုင်ရာ ညိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့နဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေး ကော်မရှင် (PC)တို့ ၈ ကြိမ်မြောက် ဆွေးနွေးခဲ့ပြီး "ဖက်ဒရယ် ဒီမိုကရေစီ" ဝေါဟာရနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲတွေ ထစ်ဆို့ခဲ့တယ်လို့ ဆိုပါတယ်။

ဒီကိစ္စကို နှစ်ဖက် ခေါင်းဆောင်တွေ တွေ့ဆုံအဖြေရှာဖို့ ညှိနှိုင်းနေဆဲမှာ အဖွဲ့ဝင် NMSPနဲ့ LDUပါတီတို့ NCAမှာ လက်မှတ်ထိုးဖို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

NCAမှာ လက်မှတ်ရေးထိုးဖို့ NMSPနဲ့ LDUတို့ ကြေညာတာကြောင့် UNFCနဲ့ PCတို့ ဆက်ဆွေးနွေးရေးဟာ အစိုးရနဲ့ တပ်မတော်ရဲ့ သဘောထားပေါ်မှာ မူတည်နေ တယ်လို့ ဦးထွန်းဇော်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် PEACE COMMISSION FACEBOOK
Image caption အောက်တိုဘာလကုန်ပိုင်းက ဆွေးနွေးပွဲ တက်ခဲ့တဲ့ ငြိမ်းချမ်းရေးကော်မရှင် ကိုယ်စားလှယ်များ

NMSPနဲ့ LDUတို့ UNFCမှာ ဆက်ရှိမလားဆိုတာကိုတော့ ဒီအဖွဲ့တွေက လက်မှတ်ထိုးဖို့ သဘောထားပေးတာဖြစ်ပြီး လက်မှတ်မရေးထိုးသေးတဲ့ အတွက် ဒီအချိန်မှာ ဒါကို ပြောဖို့ စောနေသေးတယ်လို့ သူက ပြောပါတယ်။

နောက် UNFCအဖွဲ့ဝင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ကတော့ NCAမှာ လက်မှတ်ရေးထိုးဖို့ မဖြစ်နိုင်သေးဘူးလို့ အစောပိုင်းက ထုတ်ပြန်ပါတယ်။

UNFCမှာ NMSP၊ LDU၊ KNPPနဲ့ ရခိုင် အမျိုးသား ကောင်စီတို့ ပါဝင်ပါ တယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ကတော့ UNFCကနေ နှုတ်ထွက်ဖို့ စာတင် ထားပါတယ်။