ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းခရီးစဉ် အဆုံးသတ် သတင်းစာရှင်းလင်းမယ်

Image caption ကော့စ်ဆက်ဘဇားက ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ဆိုင်ရာ အခြေအနေတွေကို စုံစမ်းဖို့ ကုလသမဂ္ဂက ခန့်အပ်ထားတဲ့ အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီးဟာ လာမယ့် ဖေဖေါ်ဝါရီလ ၁ ရက် နေ့ကျရင် ဆိုးလ်မြို့တော်မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ဖို့ ရှိပါတယ်။

မြန်မာအရေးနဲ့ ပတ်သက်ပြီး လတ်တလော သူ သွားရောက်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်း ခရီးစဉ်တွေ အကြောင်း အဲဒီ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားမှာ ဖြစ်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကော်မရှင်နာမင်းကြီးရုံးက ထုတ်ပြန်ပါတယ်။

မြန်မာ အစိုးရက ပြည်ဝင်ခွင့် မပေးခဲ့တဲ့နောက် မစ္စလီဟာ မြန်မာနိုင်ငံက ဒုက္ခသည်တွေ ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းနိုင်ငံတွေဆီ ဇန်နဝါရီလ ၁၈ ရက်နေ့ကနေ ၃ဝ ရက်နေ့ အထိ သွားရောက် ခဲ့တာ ဖြစ်ပါတယ်။

မစ္စလီရဲ့ အစီရင်ခံစာတွေဟာ ဘက်လိုက်ပြီး တရားမျှတမှု ကင်းမဲ့တယ် ဆိုတဲ့ စွဲချက်နဲ့ မြန်မာအစိုးရက ပြည်ဝင်ခွင့် ပိတ်ပင် ထားတာ ဖြစ်ပြီး ကုလသမဂ္ဂဘက်က လူ့ အခွင့်အရေး အထူးကိုယ်စားလှယ် အသစ်တစ်ယောက် ခန့်အပ် ထားရှိလာတဲ့ အခါ အပြည့်အဝ ပူးပေါင်း ဆောင်ရွက်မယ်လို့ ပြောထားပါတယ်။

Image caption မြန်မာအစိုးရက ပြည်ဝင်ခွင့် ပိတ်ထား

မြန်မာ အစိုးရက သူ့ကို ပိတ်ပင်တာကို ကြည့်ရင် ရခိုင်ပြည်နယ်ထဲမှာ ဆိုးဆိုးရွားရွားတွေ ဖြစ်ပျက် ထားတာကို သိသာစေတယ်ဆိုပြီး မစ္စလီ ဘက်က တုံ့ပြန် ထားပါတယ်။

ကုလသမဂ္ဂက ဖွဲ့စည်းပေးထားတဲ့ အချက်အလက် ရှာဖွေရေး အဖွဲ့ကိုရော လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စလီကိုပါ မြန်မာ အစိုးရက ပြည်ဝင်ခွင့် ပိတ်ထားပါတယ်။

Image caption နိုင်ငံတော် အဆင့် စုံစမ်းရေးအဖွဲ့ ထားရှိမယ်လို့ ဒေါက်တာဝင်းမြတ်အေးပြော

ဒါပေမယ့် တစ်ဘက်မှာလည်း နိုင်ငံတကာက စွပ်စွဲနေသလို ရခိုင်ပြည်နယ်ထဲ အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက အရပ်သားတွေ အပေါ် တိုက်ခိုက်မှုတွေ ကျူးလွန် ခဲ့သလား ဆိုတာ အပါအဝင် စုံစမ်းမှုတွေ ပြုလုပ်ဖို့ နိုင်ငံတော် အဆင့် အဖွဲ့တစ်ခု ဖွဲ့စည်း ထားရှိမယ် ဆိုပြီး မြန်မာ အစိုးရက အခု လတ်တလောမှာပဲ ထုတ်ပြန် ထားပါတယ်။