တိုက်ပွဲအရှိန်မြင့်ချိန်မှာ စစ်တပ်နဲ့ ကေအိုင်အိုတွေ့ဆုံ

ဓာတ်ပုံ မူပိုင် Saw Yan Naing/BBC
Image caption လိုင်ဇာဌာနချုပ်နဲ့ မိုင်အနည်းငယ်အကွယ် နမ့်ဆာယန် ဒေသမှာ တွေ့ရတဲ့ ကေအိုင်အေ စစ်သည်တွေ

ကချင်ပြည်နယ်မြောက်ပိုင်းမှာတိုက်ပွဲအရှိန်မြင့်တက်လာတဲ့အတွက် အစိုးရစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုခေါင်းဆောင်တွေ ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာ တရုတ်ပြည်ယူနန်ခရိုင်ကနယ်စပ်တနေရာမှာ တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။

တနိုင်း၊ ဖားကန့် စတဲ့ကချင်ပြည်မြောက်ပိုင်းကနေရာတွေမှာ တပ်မတော်က ရဟတ်ယာဉ်နဲ့ တိုက်လေယာဉ်တွေ အသုံးပြုပြီးတိုက်ခိုက်နေပြီးအရပ်သားတွေလည်း ထိခိုက်သေဆုံးနေတာရှိသလို ထောင်နဲ့ချီပိတ်မိနေတဲ့အတွက် အခုလိုတွေ့ဆုံခဲ့တယ်လို့ ကေအိုင်အိုရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ ကပြောပါတယ်။

တိုက်ပွဲတွေပြင်းထန်နေတဲ့အနေအထားမှာ တွေ့ဆုံရတာဆိုတော့ စစ်ပွဲကနေ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေး အတွက် လမ်းကြောင်းအစပျိုးတဲ့သဘောမျိုးနဲ့ အလွတ်သဘောတွေ့ဆုံတယ်လို့ပဲယူဆရပါတယ် လို့ ဗိုလ်မှူးကြီးနော်ဘူ ကပြောပါတယ်။

ဆွေးနွေးပွဲမှာ ကေအိုင်အိုဘက်က ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးအင်ဘန်လ ဦးဆောင်ဆွေးနွေးခဲ့ပြီး တပ်မတော်ဘက်က ဒု-ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဦးဆောင်ခဲ့တယ်လို့ သိရပါတယ်။

တပ်မတော်ကလေယာဉ်နဲ့ဗုံးကျဲတိုက်ခိုက်ခဲ့ရာမှာ တနိုင်းဘက်က ကချင်ရွာသားနှစ်ယောက်ထိမှန်သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁၀ ယောက်ရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူ က ဘီဘီစီ ကိုပြောပါတယ်။ ကေအိုင်အေ ကချင်တပ်နဲ့ အစိုးရတပ်မတော်အကြား မြေပြင်မှာဖြစ်တဲ့တိုက်ပွဲမှာလည်း အရပ်သား ၁၀ ယောက် ထိမှန်သေဆုံးခဲ့တယ်လို့ သူကပြောပါတယ်။

တိုက်ပွဲဖြစ်တဲ့နယ်မြေတွေမှာ ကေအိုင်အေတပ်တွေက သံယဇာတတွေတရားမဝင်တူးဖော်ရောင်းစား နေတယ်လို့ဆိုပြီး အစိုးရစစ်တပ်က နယ်မြေစိုးမိုးရေးလုပ်နိုင်ဖို့ အခုလိုတိုက်ပွဲတွေ အရှိန်မြင့်လုပ်ဆောင်လာတာ ဖြစ်တယ်လို့ ကေအိုင်အေဘက်က သုံးသပ်ပါတယ်။ အခုရက်ပိုင်းမှာ နေ့တိုင်းလိုလိုတိုက်ပွဲတွေပြင်းထန်နေပြီး ဖေဖေါ်ဝါရီ ၁ ရက်နေ့အထိ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူ က ပြောပါတယ်။

အစိုးရစစ်တပ်နဲ့ကေအိုင်ကေအကြားမှာ ၂၀၁၇ ဒီဇင်ဘာလကတည်းက တိုက်ပွဲတွေပြင်းထန်လာပြီး တပ်မတော်က ကေအိုင်အိုဌာနချုပ်လိုင်ဇာမြို့နားတဝိုက်မှာလည်း လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ပါတယ်။