ဂူတာပြင်မှာ ရုပ်အလောင်းတွေ တွေ့တဲ့သတင်း မမှန်ဘူးလို့ အာဏာပိုင်ပြော

ဓာတ်ပုံ မူပိုင် MOI
Image caption မြို့နယ်အုပ်ချုပ်ရေးမှူး အပါအဝင် ဌာနဆိုင်ရာ တာဝန်ရှိသူတွေ သွားရောက်ပြီး ဒေသခံ မွတ်စလင် ရပ်မိရပ်ဖတွေနဲ့ အတူ စစ်ဆေး

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ရွာမှာ ရာနဲ့ချီတဲ့ ရုပ်အလောင်းတွေ မြုပ်နှံထားတယ်ဆိုတဲ့ သတင်းတွေ မဟုတ်မှန်ကြောင်း တွေ့ရှိရတယ်လို့ ရခိုင်ပြည်နယ် အစိုးရက ပြောပါတယ်။

အစုလိုက် သတ်ဖြတ်ခံရပြီး မြုပ်နှံထားတဲ့ ရုပ်အလောင်းတွေကို ဂူတာပြင်ရွာရဲ့ နေရာ ငါးနေရာ တွေ့ရတယ်ဆိုပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ AP သတင်းဌာနက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

အဲဒီရွာကို ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ မြို့နယ် အုပ်ချုပ်ရေးမှူး အပါအဝင် ဆရာဝန်တွေ၊ တရားသူကြီးတွေနဲ့ တခြား ဌာနဆိုင်ရာ တာဝန်ရှိသူတွေက သွားရောက်ပြီး ဒေသခံ မွတ်စလင် ရပ်မိရပ်ဖတွေနဲ့ အတူ စစ်ဆေးရာမှာ ဒီသတင်းတွေ မှန်ကန်မှု မရှိကြောင်း တွေ့ခဲ့ရတာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ဘီဘီစီကို ပြောပါတယ်။

Image caption ဂူတာပြင်ရွာ မီးလောင်ခဲ့တဲ့ သက်သေ ဂြိုဟ်တု ဓာတ်ပုံအဖြစ် သတင်းဌာနတချို့က ဖော်ပြ

ဒါဟာ သတင်းမှား သက်သက်မဟုတ်ပဲ နိုင်ငံတော် ဂုဏ်သိက္ခာ ကျဆင်းအောင် ရည်ရွယ်ချက်ရှိရှိ လုပ်တာ ဖြစ်တဲ့အတွက် ဥပဒေအရ တရားစွဲဆို အရေးယူသွားဖို့လည်း ပြင်ဆင်နေတယ်လို့ သူက ပြောပါတယ်။

နောက်ပိုင်းမှာလည်း ဂူတာပြင်ရွာနဲ့ ပတ်သက်ပြီး သတင်းဌာနတွေကို ရှင်းလင်းမှုတွေ လုပ်ဖို့ စီစဉ်ထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၈ ရက် ပတ်ဝန်းကျင်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက် အဖွဲ့ဝင်တွေက ရွာတွေကို မီးရှို့တာ သတ်ဖြတ်တာတွေ လုပ်ခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့လည်း တိုက်ပွဲဖြစ်တာတွေ ရှိခဲ့ပေမယ့် သတင်းဌာနတွေက စွပ်စွဲထားတဲ့ နေရာတွေမှာတော့ အသတ်ခံရပြီး မြုပ်နှံထားတာတွေ မရှိဘူးလို့ ဦးတင်မောင်ဆွေက ပြောခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် MOI
Image caption အနီးအနား ပတ်ဝန်းကျင်က ရွာတွေမှာလည်း အလားတူ ဖြစ်ပျက်ခဲ့တာ ရှိမရှိ ဆက်လက် စုံစမ်း စစ်ဆေးနေ

ပြန်ကြားရေးဝန်ကြီးဌာနကလည်း ဂူတာပြင်ကျေးရွာ ဖြစ်စဉ် အမှန်ဆိုပြီး ဖေဖော်ဝါရီလ ၂ ရက်နေ့ နေ့စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီထုတ်ပြန်ချက်ထဲမှာ သြဂုတ် ၂၈ ရက်နေ့က လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ARSA အာရကန် ရိုဟင်ဂျာ ကယ်တင်ရေး တပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ခဲ့တာကို ဖော်ပြထားပြီး ARSA တပ်ဖွဲ့ဝင် ၁၉ လောင်းကို စနစ်တကျ မြုပ်နှံခဲ့သလို ညောင်ချောင်းနယ်မြေ ရဲစခန်းမှာလည်း အကြမ်းဖက်ဥပဒေနဲ့ သေမှုသေခင်း စာရင်းဖွင့်ထားတယ်လို့ ကြေညာထားပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အဲဒီ ထုတ်ပြန်ချက်ထဲမှာ အာဏာပိုင်တွေက ဂူတာပြင်ရွာမှာ စစ်ဆေးမှု အပြီး APရဲ့ သတင်း မမှန်ကန်ကြောင်း တွေ့ရတယ်လို့ ဖော်ပြထားပြီး အနီးအနား ပတ်ဝန်းကျင်က ရွာတွေမှာလည်း အလားတူ ဖြစ်ပျက်ခဲ့တာ ရှိမရှိကို ရခိုင်ပြည်နယ် အစိုးရက ဆက်လက် စုံစမ်း စစ်ဆေးနေတယ်လို့ ဖော်ပြထားပါတယ်။

ဆက်စပ် အကြောင်းအရာများ