"မင်းတို့ ထမင်းဝအောင် စားထား" ဆိုတာ သူတို့ကို ခြိမ်းခြောက်တာလို့ ရှေ့နေတွေ ယူဆ

Image caption ဦးကိုနီ အသတ်ခံရမှု အတွက် ဖမ်းဆီးခံထားရသူ ကြည်လင်း

ပြီးခဲ့တဲ့ တစ်နှစ်ကျော်က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ် ခံခဲ့ရတဲ့ ရှေ့နေ ဦးကိုနီကို လုပ်ကြံခဲ့သူ ကြည်လင်းနဲ့ လူသတ်ဖို့ ကြိုတင်တိုင်ပင် ကြံစည်ခဲ့သူတွေ အဖြစ် သံသယရှိသူတွေကို စွဲချက် တင်သင့် မတင်သင့် ဆိုတာနဲ့ ပတ်သက်လို့ ဖေဖော်ဝါရီလ ၂ ရက်နေ့က ရန်ကုန် မြောက်ပိုင်း ခရိုင် တရားရုံးမှာ နှစ်ဘက် ရှေ့နေတွေက အပြီးသတ် လျှောက်လဲချက် ပေးခဲ့ကြပါတယ်။

တရားရုံးအနေနဲ့ လာမယ့် ဖေဖော်ဝါရီလ ၉ ရက် ရုံးချိန်းမှာ ဆုံးဖြတ်ချက် ချမှတ်မှာ ဖြစ်ပါတယ်။

ဦးကိုနီကို သေနတ်နဲ့ ပစ်သတ်ခဲ့သူ ကြည်လင်းက လူသတ်မှု ကျူးလွန်ကြောင်းနဲ့ လက်နက် ကိုင်ဆောင်ခဲ့ကြောင်း ဝန်ခံထားပြီး သူတစ်ယောက်တည်း သဘောနဲ့ ဆောင်ရွက်ခဲ့တဲ့ သဘောမျိုး ခုခံချပခဲ့တယ်လို့ ဦးကိုနီ မိသားစုဘက်က အကျိုးဆောင်ရှေ့နေ ဦးနေလက ပြောပါတယ်။

အမှုတွဲ ပေါ်ပေါက်ချက်တွေ အရ လေဆိပ်ထဲကို အောင်ဝင်းခိုင်၊ အောင်ဝင်းဇော်နဲ့ ကြည်လင်းတို့ ဝင်ခဲ့ပြီးနောက် လူသတ်မှုဖြစ်ခဲ့တဲ့ ကိစ္စ၊ သူတို့ တယ်လီဖုန်း ဆက်သွယ်မှုတွေရှိတယ်ဆိုတဲ့ အထောက်အထားတွေလည်း စီစီတီဗီ မှတ်တမ်းတွေနဲ့ ဆက်စပ် အထောက်အထားတွေကို သက်သေခံ တင်သွင်းထားတယ်လို့ သူက ဆိုပါတယ်။

ကြည်လင်း၊ အောင်ဝင်းဇော်နဲ့ ဇေယျာဖြိုးတို့ဟာ ဦးကိုနီကိုလုပ်ကြံ သတ်ဖြတ်တဲ့ ကိစ္စမှာ တင်ကူး ကြံရွယ်ချက်နဲ့ လုပ်ဆောင်တယ်ဆိုတာ ပေါ်ပေါက်တဲ့ အတွက် တရားရုံးက သူတို့ကို စွဲချက်တင်ဖို့ လိုအပ်တယ်လို့ ဦးနေလက ပြောပါတယ်။

တရားခံရှေ့နေတွေ ဘက်ကတော့ ဦးကိုနီနဲ့ ဦးနေဝင်းကို သတ်ဖြတ်မှုမှာ သာမန် လူသတ်မှု ကျုးလွန်သူ အနေနဲ့ပဲ ကြည်လင်းကို စွဲချက်တင်ဖို့နဲ့ ကျန်တဲ့ သံသယရှိသူတွေက တိုက်ရိုက် သက်ဆိုင်တယ်ဆိုတဲ့ သက်သေ ခံချက်တွေ မရှိဘူးလို့ ငြင်းဆိုပြီး စွဲချက်မတင်သင့်ကြောင်း လျှောက်လဲချက် ပေးခဲ့တယ်လို့လည်း သူက ပြောပါတယ်။

အဲဒီ တရားရုံးကို "မင်းတို့ ထမင်းဝအောင် စားထား " ဆိုတဲ့ တီရှပ် ဝတ်ထားသူတွေ ရောက်လာ ခဲ့ပြီး ကြည်လင်းနဲ့ အတူ ရုံးထုတ်ခံရသူ အားလုံးကို ရဲတွေရှေ့မှာ အထုပ်တွေ ပေးသွားတယ်လို့ သိရကြောင်း ဦးနေလက ပြောပါတယ်။

ဒါဟာ တရားခံတွေကို အပြစ်ပေးနိုင်အောင် ဆောင်ရွက်နေတဲ့ တရားလို ရှေ့နေတွေကို ရန်ငြိုးနဲ့ လက်တုံ့ပြန်ဖို့ စီစဉ် ဆောင်ရွက်တဲ့ သဘောသက်ရောက်တဲ့ အတွက် သက်ဆိုင်ရာ ရဲတွေကို တိုင်ကြားခဲ့ပေမဲ့ တစုံတရာ အရေးယူဆောင်ရွက်တာ မရှိသေးဘူးလို့ သူက ပြောပါတယ်။