မြောက်ပိုင်း ပဋိပက္ခတွေကြောင့် အရပ်သားတွေ ထိခိုက်နေ

Image caption တနိုင်းကနေ ထွက်ပြေးလာ

ကချင်ပြည်နယ်ထဲ အစိုးရစစ်တပ်နဲ့ ကချင်လက်နက်ကိုင် ကေအိုင်အေကြား တိုက်ပွဲတွေ ပြင်းထန် လာပြန်တဲ့ အပေါ် စိုးရိမ်မှုတွေ ရှိနေတယ်လို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာထဲ ဖော်ပြ ထားပါတယ်။

ဆွမ်ပရာဘွမ်၊ ဝိုင်းမော်နဲ့ တနိုင်း ဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် အရပ်သားတွေ အပေါ် ထိခိုက်လာမှာကို နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ စိုးရိမ်နေတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၂၅ ရက်က စပြီး တနိုင်းမှာ တိုက်ပွဲတွေ ပြင်းထန် လာတာမှာ အရပ်သား တချို့ သေဆုံး ခဲ့ရသလို ၊ လူတွေ ထောင်ချီပြီး ထွက်ပြေး နေကြရတယ်လို့ အစီရင်ခံစာထဲ ဖော်ပြ ထားပါတယ်။

ဆွမ်ပရာဘုံ မြို့နယ်ထဲမှာလည်း အရပ်သား ၇ဝဝ ကျော် တောတောင်တွေထဲ ရှောင်ပုန်း နေကြရသလို၊ လူ ၅ဝဝ ဝန်းကျင် မှီခိုနေတဲ့ စစ်ရှောင်စခန်း နဘေး မော်တာကျည်တွေ ကျရောက် ပေါက်ကွဲခဲလို့ လူတွေ ထွက်ပြေး ခဲ့ကြရတယ်လို့ ဆိုပါတယ်။

Image caption IDP စခန်းသစ်တွေ ပေါ်လာရပြန်

ဒီလို တိုက်ပွဲတွေ ပြင်းထန် နေချိန်မှာ ကချင်အဖွဲ့ ကေအိုင်အိုရဲ့ ခေါင်းဆောင်နဲ့ ထိပ်တန်း စစ်ဘက် အရာရှိတို့ တရုတ်နိုင်ငံ ယူနန်ပြည်ထဲ တရုတ် အစိုးရရဲ့ ကြားဝင်မှုနဲ့ တွေ့ဆုံ ခဲ့ကြတယ် ဆိုတဲ့ သတင်းတွေ ရရှိထားပါတယ်။

ဒီ တွေ့ဆုံပွဲမှာ ဘာတွေ ဆွေးနွေး ခဲ့ကြသလဲ၊ တိုက်ပွဲတွေ အရှိန်လျှော့ဖို့ နှစ်ဘက် ကြိုးစားမှာလား စတာတွေကိုတော့ ဘယ်ဘက်ကမှ ထုတ်ပြောတာမျိုး မရှိ သေးပါဘူး။