အသနားခံစာတင်ပြရင် ကျောင်းသားတွေ ကျောင်းပြန်တက်နိုင်

ဓာတ်ပုံ မူပိုင် YDNUNI
Image caption ဆန္ဒပြကျောင်းသား ကျောင်းသူ တစ်ချို့

ပညာရေး အသုံးစရိတ် တိုးမြှင့်ပေးဖို့ သပိတ်စခန်းဖွင့် တောင်းဆိုခဲ့ကြတဲ့ ဆန္ဒပြကျောင်းသား ၅၆ ယောက်ကို သက်ဆိုင်ရာ တက္ကသိုလ်အသီးသီးကနေ ထုတ်ပယ်ခဲ့ပြီးတဲ့နောက် သူတို့အနေနဲ့ မိဘအုပ်ထိန်းသူ လက်မှတ်နဲ့ အသနားခံစာတင်ပြရင် ကျောင်းပြန်တက်နိုင်တယ်လို့ အဆင်မြင့် ပညာဦးစီးဌာနက ဖေဖော်ဝါရီလ ၁ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

ကျောင်းသားတွေအနေနဲ့ အသနားခံစာတင်ပြရင် ပြန်လက်ခံမှာ ဖြစ်ပြီး နောက်တစ်ကြိမ် ချိုးဖောက်ရင် ကျောင်းက တစ်နှစ်နားပြီး တတိယအကြိမ်ဆိုရင် နေ့သင်တန်း တက်ခွင့်မပေးတော့ပဲ အဝေးသင်တက်ရမယ်လို့ ဒီထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

ဒါပေမယ့် ကျောင်းသားတွေဖက်ကတော့ ပညာရေးဌာနက ပြောဆိုထားသလို ကျောင်းစည်းကမ်း ဖောက်ဖျက်တာလည်း မရှိတာကြောင့် အသနားခံစာ တင်မှာ မဟုတ်ဘူးလို့ သပိတ်ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ကိုနောင်ထက်အောင်က တုန့်ပြန်ပါတယ်။

သူတို့အနေနဲ့ ကိုယ်ကျင့်တရား ဖောက်ဖျက်ထားတာ မရှိလို့ ဂုဏ်သိက္ခာရှိရှိ ကျောင်းပြန်တက်ဖို့ လိုလားတယ်လို့လည်း ဆိုပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ ပညာရေး ဌာန စီမံခန့်ခွဲမှု ကော်မတီရဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး ကျောင်းသားတွေ မနစ်နာအောင် အကောင်းဆုံးဖြစ်မယ့် နည်းလမ်းဖြစ်တယ်လို့ အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်အောင်မင်းက ဘီဘီစီကို ပြောပါတယ်။

နောက်ပြီး သူ့တစ်ဦးတည်း သဘောထားအမြင်အရ ပညာရေး အသုံးစရိတ် တိုးမြှင့်ဖို့လိုတယ်လို့လည်း ဆိုပါတယ်။

ဆန္ဒပြကျောင်းသားတွေ ကျောင်းတက်ခွင့် ပိတ်ပင်ခံရ

ဆန္ဒပြကျောင်းသား ၃၆ ယောက်အထိ ကျောင်းထုတ်ခံရ

ဆန္ဒပြ ကျောင်းသားတွေ သတင်းစာ ရှင်း

NLD လက်ထက် ကျောင်းသား ဆန္ဒ ပြပွဲများ

စစ်တပ်အသုံးစရိတ် လျော့ချပြီး ပညာရေး အသုံးစရိတ် တိုးမြှင့်ပေးဖို့အတွက် မန္တလေး ရတနာပုံ တက္ကသိုလ်က ကျောင်းသားတွေ ဦးဆောင်ပြီး ဇန်နဝါရီလ ၂၂ ရက်နေ့က သပိတ်စခန်းဖွင့် တောင်းဆိုခဲ့ကြပါတယ်။

၃ ရက် အကြာမှာတော့ သူတို့ကို မိဘအုပ်ထိန်းသူတွေထံ အစိုးရက ပြန်အပ်ခဲ့ပြီး ဇန်နဝါရီလ ၂၆ ရက်နေ့မှာတော့ ဆန္ဒပြ ကျောင်းသား ခေါင်းဆောင်တစ်ချို့ကို သက်ဆိုင်ရာ ကျောင်းတွေကနေ ထုတ်ပယ်ခဲ့ပါတယ်။

လက်ရှိအချိန်ထိ မန္တလေး ရတနာပုံ တက္ကသိုလ်က ကျောင်းသားတွေအပါအ၀င်၊ မိတ္ထီလာ၊ ရမည်းသင်း၊ စစ်ကိုင်း၊ ကန့်ဘလူနဲ့ မိုးညှင်းစတဲ့ တက္ကသိုလ်တွေက ကျောင်းသား ၅၆ ယောက် ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

အခုနောက်ပိုင်းတော့ ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ ကျောင်းသား ကျောင်းသူတွေကို ကျောင်းထုတ်တာမျိုးတွေ ဆက်မရှိတော့သလို လက်ရှိအချိန်ထိတော့ ကျောင်းထုတ်ခံထားရတဲ့ ကျောင်းသားတွေကလည်း အသနားခံစာတင်ပြီး ကျောင်းပြန်မတက်ကြသေးပါဘူး။

ဆက်စပ် အကြောင်းအရာများ