ကမန်လူမျိုးတွေ မောင်းအထုတ်ခံခဲ့ရတယ်လို့ဆို

ဓာတ်ပုံ မူပိုင် Maung Maung Kyi FB
Image caption ကမန်အမျိုးသားတိုးတက်ရေးပါတီ ဗဟိုကော်မတီဝင် ဦးတင်ငွေ

ရမ်းဗြဲနဲ့ ကျောက်ဖြူမှာနေထိုင်ကြတဲ့ ကမန်မွတ်စလင်တွေဟာ ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်အိမ်ကိုယ့်ရာကို မပြန်နိုင်ကြဘဲ ဒုက္ခသည် စခန်းအတွင်းမှာတွင် တချို့ သောင်တင်နေကြပါတယ်။

ကျောက်ဖြူဘက်မှာ ကမန်လူမျိုးတွေဟာ သူတို့နေရာတွေက မောင်းထုတ်ခံခဲ့ရပြီး ဒုက္ခသည် စခန်းတွေထဲကို ရောက်လာကြတယ်လို့ ကမန်အမျိုးသား တိုးတက်ရေးပါတီ ဗဟိုကော်မတီဝင် ဦးတင်ငွေက ဘီဘီစီကို ပြောပါတယ်။

ကမန်လူမျိုးတွေဟာ သူတို့မူလနေထိုင်ရာနေရာတွေကို ပြန်လည်သွားရောက်နေထိုင်ခွင့်လည်း မရကြသလို တခြားရပ်ရွာကိုရွှေ့ပြောင်းဖို့ သူတို့အိမ်တွေကို ရောင်းချတဲ့အခါမှာလည်း အခက်အခဲအမျိုးမျိုးကြုံတွေ့ကြရတယ်လို့ ဆိုပါတယ်။

ကမန်လူမျိုးတွေအများစုနေထိုင်ရာ ရမ်းဗြဲကို ပြန်လည် ထူထောင်ရေးလုပ်ဖို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက စီစဉ်တဲ့အခါမှာလည်း ရခိုင်လူမျိုးတွေက ကန့်ကွက်တဲ့ အတွက်ကြောင့် ဆက်မလုပ်ဘဲ ရပ်ဆိုင်းခဲ့တယ်လို့ ဆိုပါတယ်။

ဒုက္ခသည် စခန်းထဲမှာ လူမှုဒုက္ခအဝဝကို ကြာရှည် ရင်မဆိုင်နိုင်ကြတဲ့ ကမန်လူမျိုး အများစုဟာ ရန်ကုန်ကို ပြောင်းရွှေ့ခဲ့ကြပါတယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုး ကြောင့် ပြောင်းလဲမပြောင်းရွှေ့နိုင်၊ မူလအိုးအိမ်ကိုလည်း ပြန်နေခွင့်မရကြသူတွေလည်း ရှိတယ်လို့ ဦးတင်ငွေက ပြောပါတယ်။

ဒုက္ခသည် စခန်းထဲမှာ နေထိုင်ကြတဲ့ ကမန်လူမျိုးတွေကိုလည်း ခြိမ်းခြောက်မှု အမျိုးမျိုးရှိတယ်လို့ ဆိုပါတယ်။ ည ၁၂ နာရီ ည ၁ နာရီအချိန်တွေမှာ ခြောက်လှန့်ကြတာမျိုးတွေရှိသလို ဒုက္ခသည်စခန်းကို အနုကြမ်းစီးမယ်ဆိုတဲ့ သတင်းမျိုးတွေလည်း ထုတ်လွှင့်ပါတယ်။ ရခိုင်အစိုးရကိုယ်တိုင်က လေယာဉ်လက်မှတ်ဖိုးထုတ်ပေးပြီး သူတို့ကမန်လူမျိုးတွေကို ရည်ရွက်ချက်ရှိရှိနဲ့ နှင်ထုတ်ခဲ့တယ်လို့လည်း ဦးတင်ငွေကပြောပါတယ်။

ရမ်းဗြဲမှာရှိတဲ့ ကမန်လူမျိုးတွေရဲ့ နေအိမ်တွေဟာလည်း နှစ်ကြိမ်တိတိ မီးရှို့ခံခဲ့ရတဲ့ အတွက် အကုန်လုံးနည်းပါး ဆုံးရှုံးခဲ့ရတယ်လို့လည်း ပြောပါတယ်။

အစိုးရကတော့ အိမ်တလုံးကို ၁၀ သိန်းကနေ ၂၅ သိန်းအထိ ထောက်ပံ့မှုပေးခဲ့တာတွေရှိတယ်လို့လည်း ဆိုပါတယ်။

ကမန်လူမျိုးဟာ တိုင်းရင်းသားအဖြစ်နဲ့ အသိအမှတ်အပြုခံရတဲ့ တခုတည်းသော မွတ်စလင်တိုင်းရင်းသားဖြစ်ပါတယ်။