ညောင်တုန်းမှာ စခန်းကလာတဲ့ မွတ်ဆလင် ၂၁ ဦး ဖမ်းမိ

ဓာတ်ပုံ မူပိုင် Ni Ni Moe FB
Image caption ဖမ်းဆီးရမိသူတွေကို ညောင်တုန်းရဲစခန်းမှာ တွေ့ရစဉ်

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့ ဆားမလောက်ကျေးရွာအနီးမှာ ရခိုင်ပြည်နယ်ကနေ လာတဲ့ ကားတစ်စီးပေါ်မှာ တင်ဆောင်လာတဲ့ မွတ်စလင် (၂၁)ဦးကို ဖေဖော်ဝါရီလ ၃ ရက်နေ့ နေ့လည် ၂ နာရီခွဲလောက်က ရဲတွေက ဖမ်းဆီးခဲ့ပြီး စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ညောင်တုန်းမြို့နယ်ရဲစခန်းက ပြောပါတယ်။

ရခိုင်ဖက်ကနေ ဝင်ရောက်လာတဲ့ မွတ်ဆလင်တွေဟာ အသက် ၂၀ ကနေ ၄ဝ ဝန်းကျင် ယောက်ျားလေး ၁၂ ယောက် မိန်းကလေး ၅ ယောက် နဲ့ ကလေးငယ် ၄ ယောက် ဖြစ်ပြီး သူတို့တွေကို ညောင်တုန်းမြို့အဝင် ဆားမလောက် ကျေးရွာအနီး ကုန်တင်ကားပေါ်မှာ မိုးကာအုပ် သယ်ဆောင်လာစဉ် ဖမ်းဆီးမိခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်ဘက်က လာခေါ်တဲ့ကားကို ရန်ကုန်-ညောင်တုန်း ကားလမ်းမပေါ်မှာ ပြောင်းစီးချိန်မှာ လှည့်ကင်းနဲ့တွေ့ပြီး အခုလို ဖမ်းမိခဲ့တာဖြစ်ပြီး စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ညောင်တုန်း မြို့နယ်မှူး ရဲမှူး စိုးမင်းသိန်းက ပြောပါတယ်။

ရဲတွေနဲ့ စစ်ဆေးရာမှာ ပါခဲ့တဲ့ ညောင်တုန်းမြို့နယ် တိုင်း လွှတ်တော် ကိုယ်စားလှယ် ဒေါ်နီနီမိုးကတော့ (၂၁)ဦး လုံးဟာ ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းတွေကနေ လာတာဖြစ်ပြီး ရန်ကုန်ကို သွားဖို့ လူတဦးကို ငွေကျပ် ၁၀ သိန်းကျစီ ပွဲစားတွေကို ပိုက်ဆံပေးပြီး ရောက်လာကြတယ်လို့ ထွက်ချက်ပေးကြောင်း ပြောပါတယ်။

(၂၁)ဦးစလုံးကို ညောင်တုန်းမြို့နယ်ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမှုတွေ လုပ်နေပါတယ်။ ညောင်တုန်းမြို့နယ် ရဲစခန်းကတော့ သူတို့တွေကို လူဝင်မှုကြီးကြပ်ရေး ဥပဒေ နဲ့ အမှုဖွင့်အရေးယူမှာ ဖြစ်သလို သယ်ဆောင်လာတဲ့ ကားသမား(၂)ဦးကိုလည်း ပြစ်မှုဆိုင်ရာ ဥပဒေတွေနဲ့ အရေးယူမယ်လို့ မြို့နယ် ရဲမှူး စိုးမင်းသိန်းက ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ