ကချင်မှာ တိုက်ပွဲတွေ ရပ်ဖို့ လူထောင်နဲ့ချီ ဆန္ဒထုတ်ဖော်

ဓာတ်ပုံ မူပိုင် EPA
Image caption လေယာဉ်နဲ့ ဗုံးကြဲတာတွေရပ်၊ တိုက်ပွဲတွေမှာ လူသားတံတိုင်း လုပ်ပြီး ပြည်သူကို ဓါးစာခံ လုပ်နေတာတွေရပ် ဆိုတဲ့ ကြွေးကြော်သံတွေကို သက်ဆိုင်ရာက တားမြစ်ခဲ့

ကချင်ပြည်နယ်မှာ အစိုးရ တပ်မတော်နဲ့ KIA ကချင် လက်နက်ကိုင်အဖွဲ့ အကြား တိုက်ပွဲတွေကြောင့် ပိတ်မိနေသူတွေကို အမြန် ကယ်ထုတ်ပေးဖို့ မြစ်ကြီးနားမြို့ ပေါ်မှာ လူထောင်ချီပြီး ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။

လေယာဉ်နဲ့ ဗုံးကြဲတာတွေရပ်၊ တိုက်ပွဲတွေမှာ လူသားတံတိုင်း လုပ်ပြီး ပြည်သူကို ဓါးစာခံ လုပ်နေတာတွေ ရပ် ဆိုတဲ့ ကြွေးကြော်သံတွေကို မအော်ဖို့ သက်ဆိုင်ရာက တားမြစ်ခဲ့တယ်လို့ ဆန္ဒပြ ကော်မတီဝင်တဦး ဖြစ်တဲ့ ဒေါ်နန်ပူက ဘီဘီစီကို ပြောပါတယ်။

တပ်မတော်ကနေ လေယာဉ်နဲ့ ဗုံးကြဲတဲ့အတွက် ပြည်သူ ၃ဦး သေဆုံးပြီး ၅ဦး ဒဏ်ရာ ရခဲ့သလို ဇန္နဝါရီလ ၂၂ရက်နေ့ကလည်း ဆွန်ပရာဘွမ်ဘက်က စစ်ပြေး ဒုက္ခသည်စခန်းမှာ လေယာဉ်နဲ့ ဗုံးကြဲခဲ့တဲ့အတွက် ဒုက္ခသည်တွေ တောထဲမှာ ထွက်ပြေးနေရတယ်လို့ သူက ပြောပါတယ်။

ကချင်ပြည်နယ်တွင်း တိုက်ပွဲတွေကို ကုလစိုးရိမ်

လက်နက်ကိုင်အဖွဲ့တွေ ဘက်ကိုလည်း ပြည်သူတွေ နေထိုင်နေတဲ့ ဒေသတွေမှာ လက်နက်တွေနဲ့ ပစ်ခတ်နေတာတွေ မလုပ်ဖို့ ဆန္ဒပြသူတွေက တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲတွေ ဖြစ်ပွားနေတာနဲ့ ပတ်သက်လို့ မြောက်ပိုင်းတိုင်းမှူးနဲ့ တွေ့ဖို့ ကြိုးစားခဲ့ပေမယ့် အတွေ့မခံခဲ့သလို ပြည်နယ် ဝန်ကြီးချုပ်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ တပ်မတော်ကို ပြောပိုင်ခွင့် မရှိဘူး ဆိုပြီး ပြောလာတဲ့အတွက် အခုလို ဆန္ဒ ထုတ်ဖေါ်ခဲ့ရတာလို့ ဒေါ်နန်ပူက ပြောပါတယ်။

တနိုင်း မဲဆန္ဒနယ် အမှတ် ၂ရဲ့ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်းကတော့ တိုက်ပွဲတွေ စဖြစ်ခဲ့ကတည်းက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ စာရေး တင်ပြခဲ့ပြီး ဖြစ်ကြောင်းနဲ့ အခု ဖေဖေါ်ဝါရီလ ၄ရက်နေ့အထိ တနိုင်းဒေသမှာ ပိတ်မိနေဆဲ လူ ၅၀၀နဲ့ ၈၀၀ ကြားလောက် ကျန်နေသေးကြောင်း ပြောပါတယ်။

ဇန္နဝါရီ တတိယပတ်ထဲမှာ တနိုင်းဒေသက ပယင်းမှော်တွေ တဝိုက်မှာ တိုက်ပွဲတွေကြောင့် ဒေသခံတွေနဲ့ ပယင်းမှော်တွေမှာ အလုပ်လုပ်သူ ၃ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးဖို့ ကြိုးစားခဲ့ကြရာမှာ အစိုးရ တပ်ဖက်က လူတွေကို စိစစ်ပြီး လွှတ်ပေးနေတာ ဖြစ်ပါတယ်။