ရိုဟင်ဂျာ မရှိကြောင်း ကမ္ဘာသိအောင်လုပ်ဖို့ လွှတ်တော်မှာ ဆွေးနွေး

ဓာတ်ပုံ မူပိုင် Pyithu Hluttaw Facebook
Image caption ရခိုင်အရေးမှာ နိုင်ငံတကာ ဖိအားတွေကို ဂရုမစိုက်လို့ မရ ပေမဲ့ ဂရုစိုက်လွန်းစရာ မလိုသလို မကိုင်တွယ်ဘဲ ထားဖို့လည်း မဖြစ်သင့်ဘူးလို့ တင်ပြခဲ့

မြန်မာနိုင်ငံက တိုင်းရင်းသား မျိုးနွယ်စုတွေထဲမှာ ရိုဟင်ဂျာ ဆိုတာ မရှိဘူး ဆိုတာ ကမ္ဘာ့နိုင်ငံတွေ သိရှိဖို့ လုပ်ဆောင်ရေးနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီလ ၅ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်း အဝေးမှာ ဆွေးနွေးခဲ့ကြပါတယ်။

ရိုဟင်ဂျာ လို့ ရည်ညွှန်း ခေါ်ဝေါ် ပြောဆိုနေသူတွေ ရှိနေချိန်မှာ နိုင်ငံတကာက ဒီကိစ္စကို အမြင်ရှင်းလင်း စေဖို့ အစိုးရက ဘယ်လို ဆောင်ရွက်ထားသလဲလို့ ရှမ်းပြည်နယ် မက်မန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်အေးက ပြည်သူ့ လွှတ်တော်မှာ မေးခွန်း မေးမြန်းခဲ့ တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ ဘင်္ဂါလီ အရေးဟာ ရှုပ်ထွေး နက်နဲပြီးနူးညံ့သိမ်မွေ့စွာ ဖြေရှင်းဖို့လိုတယ်၊ အချိန်ကြာလာရင် နှစ်ဘက် အသိုင်းအဝိုင်း ကြားမှာ ပဋိပက္ခတွေ ပိုဆိုး လာနိုင်တာကို ထည့်သွင်း စဉ်းစားဖို့ လိုတယ်လို့ သူက ပြောပါတယ်။

ရခိုင်အရေးမှာ နိုင်ငံတကာရဲ့ ဖိအားတွေကို ဂရုမစိုက်လို့ မရတာမှန်ပေမဲ့ ဂရုစိုက်လွန်းစရာ မလိုကြောင်းနဲ့ ထိလွယ် ရှလွယ် အဖြေအနေမို့ မကိုင်တွယ်ဘဲ ထားဖို့လည်း မဖြစ်သင့်ဘူးလို့ လည်း ဦးတင်အေးက ထောက်ပြ ပါတယ်။

ရခိုင်ပြည်နယ် အရေးမှာ ဖြစ်စဉ်အမှန်တွေကို နိုင်ငံတကာ အစိုးရတွေနဲ့ အဖွဲ့အစည်းတွေသိရှိ နိုင်ဖို့အတွက် ဘယ်လို လုပ်ကြမလဲ ဆိုတာကိုလဲ သူက မေးခွန်း မေးခဲ့ ပါတယ်။

ဒီကိစ္စကို အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ဦးသိန်း ဆွေက ပြန်လည် ဖြေခဲ့ရာမှာ မြန်မာနိုင်ငံမှာ လူမျိုးစာရင်း ကောက်ယူမှုကို လွတ်လပ်ရေး မရမီ ၁၉၁၁၊ ၁၉၂၁ နဲ့ ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းတွေမှာ ကောက်ယူခဲ့မှုနဲ့ ၁၉၅၃-၅၄ လူမျိုးစု စာရင်း၊ ၁၉၇၃ ခုနှစ် နဲ့၁၉၈၃ ခုနှစ် သန်းခေါင်စာရင်း တို့မှာ ရိုဟင်ဂျာ မပါဝင် ဘူးလို့ ဖြေခဲ့ပါတယ်။

အစိုးရ အဖွဲ့ အကြီးအကဲတွေရဲ့ မိန့်ခွန်းနဲ့ သဝဏ်လွှာ တွေမှာ ရိုဟင်ဂျာ ဆိုတဲ့ စကားလုံး မသုံးတဲ့ အပြင် ကုလသမဂ္ဂနဲ့ တခြား အဖွဲ့အစည်းတွေ သုံးနှုန်းတဲ့ အခါမှာ လည်း ကန့်ကွက်တာတွေ ရှိခဲ့ပါတယ်။

သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန ကလည်း ရိုဟင်ဂျာဟာ တိုင်းရင်းသား မဟုတ်ဘူး ဆိုတဲ့စာ စာအုပ်ရေးသားနေရာမှာ ၉၀ ရာခိုင်နှုန်းလောက်ပြီးစီး နေပြီး ၂၀၂၀ မှာ ထုတ်ဝေမယ်လို့ ဝန်ကြီး သူရဦးအောင်ကို ကပြောထားပါတယ်။

ဆက်စပ် အကြောင်းအရာများ