တပ်မှူးအဆင့် ပထမဆုံး အလုပ်ရုံ ဆွေးနွေးပွဲစတင်

ဓာတ်ပုံ မူပိုင် Joint Ceasefire Monitoring Committee Facebook
Image caption တိုင်းနဲ့ ပြည်နယ် အဆင့် JMC-S အလုပ်ရုံဆွေးနွေးပွဲတွေကို သုံးရက် ကျင်းပခဲ့

တပ်မတော်နဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုး ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတို့ကြား တပ်မှူးအဆင့် တာဝန်ရှိသူတွေ ပထမဆုံး ပါဝင်တဲ့ ပြည်နယ်နဲ့တိုင်းအဆင့် အလုပ်ရုံ ဆွေးနွေးပွဲကို ဇန်နဝါရီလက ပြုလုပ်ခဲ့ပါတယ်။

သုံးရက်ကြာ ပြုလုပ်ခဲ့တဲ့ တိုင်းနဲ့ ပြည်နယ် အဆင့် JMC-S အလုပ်ရုံဆွေးနွေးပွဲတွေမှာ နှစ်ဘက် တပ်မှူးတွေ ပါဝင် ခဲ့တာဖြစ်ပါတယ်။

တပ်မတော်ဘက်က တပ်မမှူး၊ တပ်ရင်းမှူးတွေနဲ့ တပ်မတော် ရာထူး အဆင့်ဆင့်ရှိတဲ့ တပ်မှူးတွေ ပါဝင်ခဲ့သလို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ဘက်မှာလည်း သက်ဆိုင်ရာ တပ်မှူးအဆင့် ပုဂ္ဂိုလ်တွေ တက်ရောက် ခဲ့တယ်လို့ ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ JMC-U အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ပြောပါတယ်။

ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ် တို့မှာ ပြုလုပ်ခဲ့တဲ့ အလုပ်ရုံ ဆွေးနွေးပွဲတွေမှာ အပစ်ရပ် စာချုပ်ဆိုင်ရာ ကိစ္စ၊ JMC အဆင့်ဆင့်ရဲ့ လုပ်ငန်းတာဝန်တွေနဲ့ နှစ်ဘက်တပ်တွေ လိုက်နာရမယ့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

တိုင်းနဲ့ ပြည်နယ် အဆင့် JMC-S မှာပါတဲ့ အဖွဲ့ဝင်တွေရဲ့ အလုပ်ရုံ ဆွေးနွေးပွဲတွေကို အောက်ခြေ အဆင့်မှာ ကျင်းပ ခဲ့ပြီးနောက် အခု တပ်မှူး အဆင့် ပြုလုပ်တာ လို့ လည်း ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ပြောပါတယ်။

တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား မြေပြင်မှာ ထိတွေ့မှုတွေ ပဋိပက္ခတွေကို ရှောင်ရှားပြီး ယုံကြည်မှု ပိုမိုရရှိလာစေဖို့ ရည်ရွယ်တဲ့ အလုပ်ရုံ ဆွေးနွေးပွဲ တွေက အားရ ကျေနပ်စရာ ဖြစ်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။

အခု အလုပ်ရုံ ဆွေးနွေးပွဲတွေကို NCA လက်မှတ်ထိုးပြီးသား တိုင်းရင်းသား ၈ ဖွဲ့နဲ့ ညှိနှိုင်း အဖြေရှာကြတာ ဖြစ်တဲ့ အတွက် တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် တွေကြား တိုက်ပွဲတွေလည်း မရှိသလောက် ဖြစ်နေပြီလို့ ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ပြောပါတယ်။