ကေအန်ယူတပ်နဲ့ စစ်တပ် အဖုအထစ်ရှိနေလား

Image caption ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ဒုတိယ စစ်ဦးစီးချုပ် ဒု ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ

အမျိုးသားအာဇာနည်ခေါင်းဆောင် စောဘဦးကြီးရဲ့ရုပ်ထုကို ကရင်ပြည်နယ်မှာ စိုက်ထူခွင့်မပေးတာဟာ ကရင်တမျိုးသားလုံးကို မလေးစားရာရောက်တယ်လို့ ကေအန်ယူတပ် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် အေအန်အယ်အေရဲ့ ဒုတိယစစ်ဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ ကပြောပါတယ်။

ဖေဖေါ်ဝါရီ ၃ ရက်နေ့က ကရင်ပြည်နယ်ဝင်းရေးမြို့နယ်မှာ စောဘဦးကြီးရုပ်ထုကို ဒေသခံကရင်လူထုနဲ့ ကေအန်အယ်အေတပ်သားတချို့က စိုက်ထူဖို့လုပ်နေစဉ်မှာ တပ်မတော်တာဝန်ရှိသူတွေက လာရောက်တားမြစ်ခဲ့ပြီးနောက် အခုလိုထုတ်ဖေါ်ပြောလာတာပါ။

"ကျနော်တို့ကရင်တမျိုးသားလုံး စော်ကားတာနဲ့အတူတူပဲလို့ ကျနော်ခံစားရတယ်။ စောဘဦးကြီးဟာ ကျနော်တို့လေးစားကြည်ညိုခဲ့ရတဲ့ခေါင်းဆောင်။ သူအသက်ပေးစပ်ခဲ့တာကို ကျနော်တို့တန်ဖိုးထားတယ်။ သူ့ကို ကျနော်တို့ ကရင်လူမျိုးတွေက အလေးပြုချင်တာကို ခွင့်မပြုပဲ လူဆိုးလူမိုက်တယောက်လို သတ်မှတ်ပြီး အခုလိုတားမြစ်တာဟာ ကျနော်တို့ကရင်လူမျိုးအားလုံးကို အသိမှတ်မပြုတာနဲ့ အတူတူပဲ" လို့ ဒု-ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ က ဘီဘီစီကို ပြောပါတယ်။

အခုလိုတားမြစ်တဲ့အပေါ်မှာ ကေအန်ယူတပ်သားအပါအဝင် ကရင်လူထုတွေလည်း စိတ်မကောင်းဖြစ်ခဲ့ ပါတယ်။ ဒီလိုမကျေမနပ်မှုတွေများလာတာဟာ ရည်ရှည်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာလည်း အဖု အထစ်ဖြစ်စေနိုင်တယ်လို့ ကရင်ခေါင်းဆောင်တွေက ပြောပါတယ်။

"မပြေလည်တာ၊ မကျေမနပ်ဖြစ်နေတာတွေကို ပွင့်ပွင့်လင်းလင်းဆွေးနွေးကြရမှာပါ။ ဒါပေမယ့် အဆင်မပြေဘူး၊ ကျနော်တို့မျှော်လင့်ထားသလိုဖြစ်မလာဘူးဆိုရင် အဖြေတခုခုတော့ထွက်လာမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့လိုချင်တဲ့အခွင့်အရေးကိုမရရင် ထိတွေ့မှုတော့တကြိမ်ကြိမ်တော့ ရှိလာနိုင်တယ်။ အစိုင်အခဲတခုလို ရင်ထဲမှာမြိုသိပ်တာများလာရင် ပေါက်ကွဲတတ်ပါတယ်" လို့ စောဘောကျော်ဟဲ က ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူဟာ အရင်အစိုးရလက်ထက်မှာ နှစ်ဘက်အပစ်အခတ်ရပ်စဲ ရေးစာချုပ်နဲ့၊ တနိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ကေအန်ယူထိပ်ပိုင်းခေါင်းဆောင်တချို့နဲ့ တပ်မတော်အကြားမှာ ဆက်ဆံရေးတော်တော်ကောင်း လာပါတယ်။

မကြာခင်လပိုင်းကမှ ကေအန်ယူရဲ့စစ်ဖက်ဆိုင်ရာခေါင်းဆောင်တွေက အစည်းအဝေးခေါ်ပြီး တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် အန်စီအေကို ပြန်လည်သုံးသပ်ခဲ့ပြီး ဝေဖန်ထောက်ပြမှုတွေလုပ်ခဲ့ပါတယ်။ အန်စီအေအကောင်အထည် ဖေါ်တဲ့နေရာမှာ နယ်မြေသတ်မှတ်ရေး၊ နှစ်ဖက်တပ်ပြန်လည်နေရာချထားရေး စတာတွေကို ထိရောက်မှုမရှိတဲ့အတွက် လာမယ့်၂၁ရာစုပင်လုံညီလာခံကိုတောင် မြန်မြန်ဆန်ဆန်ကျင်းပဖို့ မလိုကြောင်း ထောက်ပြခဲ့ ပါတယ်။

မြန်မာအစိုးရတပ်မတော်နဲ့ အေကန်ယူတပ်တို့အကြားမှာ အဆင်မပြေမှုတွေစိပ်လာတဲ့အတွက် စစ်ရေးတင်းမာမှုတွေဖြစ်လာမှာကိုလည်း တချို့ကစိုးရိမ်နေကြပါတယ်။ ဖေဖေါ်ဝါရီလဆန်းပိုင်းမှာလည်း တနင်္သာရီတိုင်းက ကေအန်ယူတပ်မဟာ ၄ ထိန်းချုပ်တဲ့နယ်မြေမှာ အစိုးရအစီအစဉ်နဲ့တည်ဆောက်မယ့် ကားလမ်းမကြီးကို ကေအန်ယူက သဘောမတူခဲ့ပဲ လမ်းမဖောက်ခင်မှာ အစိုးရအနေနဲ့ သူတို့ကိုတွေ့ဆုံ ဆွေးနွေးဖို့လိုတယ်လို့ ပြောပါတယ်။

ဖေဖေါ်ဝါရီလ ၆ ရက်နေ့ကနေ ၈ ရက်နေ့အထိ ဘားအံခရိုင်ရှိ ကေအန်ယူဌာနချုပ်လေးဝါးစခန်းမှာ ကျင်းပတဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC) အစည်း အဝေးမှာလည်း စောဘဦးကြီးရုပ်ထုစိုက်ထူခွင့်မရတဲ့ကိစ္စကိုလည်း ကေအန်ယူခေါင်းဆောင်တွေက ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

ဆက်စပ် အကြောင်းအရာများ