ဒိန်းဒေါင်ရဲ့ သမီးက ဗေဒင်ဆရာကို ရဲစခန်းမှာ အမှုဖွင့်

Image caption လက်ရောက်ကျူးလွန်တာ ခံရဘူးသူ အမျိုးသမီး ခုနစ်ယောက်ပါ လာရောက်

ဗေဒင်ဟောခန်းမှာ အမျိုးသမီးငယ်တွေကို ထိပါးနှောက်ယှက်တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ လူရွှင်တော် ဒိန်းဒေါင်ရဲ့ သမီးက ဗေဒင်ဆရာ အောင်ချစ်ပိုကို ရဲစခန်းမှာ အမှုဖွင့်လိုက်ပါတယ်။

ရဲစခန်းမှာ အမျိုးသမီးတွေရဲ့ ကာယိန္ဒြေ ထိပါးဖို့ လက်ရောက်ကျူးလွန်တဲ့ ပုဒ်မ ၃၅၄ နဲ့ ခြိမ်းခြောက်တဲ့ပုဒ်မ ၅၀၆ တို့နဲ့ ကိုးထပ်ကြီး ဘုရားတွင်းမှာ ဗေဒင် ဟောခန်းဖွင့်ထားတဲ့ ဗေဒင်ဆရာ အောင်ချစ်ပိုကို အမှုဖွင့်ခဲ့တယ်လို့ ဒိန်းပိုပိုဒေါင်က ပြောခဲ့ပါတယ် ။

အမှုဖွင့်တဲ့ စမ်းချောင်းမြို့နယ် မြို့မရဲစခန်းကို မဒိန်းပိုပိုဒေါင်နဲ့ အတူ ဗေဒင်ဆရာ အောင်ချစ်ပိုရဲ့ လက်ရောက် ကျူးလွန်တာ ခံရဘူးသူ အမျိုးသမီး ခုနစ်ယောက်ပါ လာရောက်ခဲ့ပါတယ်။

မြန်မာ လူမှု အသိုင်းအဝိုင်းမှာ အခုလို မိမိတို့ နစ်နာချက်ကို ဖွင့်ထုတ် ပြောပြရတဲ့ ရည်ရွယ်ချက်ကတော့ ကိုယ်တိုင်လည်း ခံစားခဲ့ရတဲ့ အပြင် တခြား အမျိုးသမီးတွေအပေါ်လည်း ကျူးလွန်တာကို မခံချင်လို့ ဖြစ်တယ်လို့ ဒိန်းပိုပိုဒေါင်က ဘီဘီစီကို ပြောပါတယ်။

အခုကျူးလွန်ခံရတယ်ဆိုတဲ့ အမျိုးသမီးတွေမှာ ယတြာ အဆောင်အယောင် ပေးတာကော ဆီမန်းလိမ်းတာကော တူညီပြီးတော့ ကျူးလွန်သူက တယောက်ထဲ ဖြစ်တာကြောင့် သူ့ဘက်က ထွက်ဆိုပေးမယ့် တိကျ ခိုင်လုံတဲ့ သက်သေခံမယ့် အမျိုးသမီးတွေလည်းရှိတယ်လို့ ဆိုပါတယ်။

Image caption ကိုယ်တိုင်လည်း ခံစားခဲ့ရတဲ့ အပြင် တခြား အမျိုးသမီးတွေအပေါ်လည်း ကျူးလွန်တာကို မခံချင်

အချစ်ရေး အောင်မြင်အောင် အဆောင်ပေးရတာတွေ ရှိပေမယ့် ရင်ဘတ်ထဲကို ကိုယ်တိုင်ထည့်တာတွေ မရှိခဲ့ဘူးလို့ ဗေဒင်ဆရာ အောင်ချစ်ပိုက ငြင်းဆိုခဲ့ပါတယ်။

ဒါပေမယ့် အခုလို အမှုဖွင့်တာနဲ့ ပတ်သတ်ပြီး တရားမျှမျှတတ ဖြစ်အောင် ရင်ဆိုင်သွားမယ်လို့ ဗေဒင်ဆရာ အောင်ချစ်ပိုက ဘီဘီစီကို ပြောပါတယ် ။

မြန်မာပြည်မှာ အမျိုးသမီးတွေဟာ မကြာခဏဆိုသလို လိင်ပိုင်း ဆိုင်ရာ ထိပါး နှောက်ယှက်တာတွေ ပြောဆိုတာတွေ ခံခဲ့ရပေမယ့် သတင်းတွေ အများကြီး ထွက်ပေါ်ခဲ့ အမှုဖွင့် တိုင်ကြားသူ နည်းပါးသေး တာကြောင့် အခုလို အမျိုးသမီးတဦးက အများသိအောင် တရားစွဲဆိုမှုအပေါ် ပြည်သူတွေက စိတ်ဝင်စားနေကြပါတယ်။