၂၁ ပင်လုံမှာ ဆွေးနွေးဖို့ ၂ ဖွဲ့ လက်မှတ်ထိုးမယ်

ဓာတ်ပုံ မူပိုင် EPA
Image caption ဇန်နဝါရီ ၂၃ ရက်နေ့က မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန်နဲ့ ဒေါ်အောင်ဆန်း စုကြည်တွေ့ဆုံခဲ့

မွန်ပြည်သစ်ပါတီ NMSP နဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး LDU တို့က လာမယ့် ဖေဖေါ်ဝါရီလ ၁၃ ရက်မှာ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA လက်မှတ် ရေးထိုးတော့မှာ ဖြစ်ပါတယ်။

ဒါဟာ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ လက်ထက်မှာ တိုင်းရင်းသား လက်နက်ကိုင် နှစ်ဖွဲ့က ပထမဆုံး NCA လက်မှတ် ထိုးဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

NCA လက်မှတ် ထိုးဖို့ အချိန် အတော်ကြာ ငြင်းဆိုနေခဲ့ကြပေမယ့် ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံကျင်းပတဲ့ အခါ နိုင်ငံရေး ဆွေးနွေးပွဲ တွေမှာ ပါဝင်နိုင်အောင် အခုလို သဘောတူလိုက်တာ ဖြစ်တယ်လို့ မွန်ပြည်သစ် ပါတီ ခေါင်းဆောင် တစ်ယောက် ဖြစ်တဲ့ နိုင်ရွှေသိန်းက ရှမ်းပြည် တပ်မတော် တောင်ပိုင်း ဌာနချုပ်မှာ သတင်းထောက်တွေကို ပြောခဲ့ ပါတယ်။

လားဟူ ဒီမိုကရက်တစ် အစည်းအရုံး ခေါင်းဆောင် ဦးဂျာခူစား ကလည်း နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းနဲ့ ဖြေရှင်းနိုင်ဖို့ အတွက် NCA မှာ လက်မှတ်ထိုးဖို့ ဆုံးဖြတ်တာလို့ ပြောပါတယ်။

လက်မှတ်ထိုးဖို့ ကိစ္စက သူတို့ တစ်ဖွဲ့ချင်း အနေနဲ့ ဆုံးဖြတ်တာသာ ဖြစ်ပြီး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC ရဲ့ သဘောထားတော့ မဟုတ်ဘူးလို့ လည်း သူတို့က ဆိုပါတယ်။

မွန်ပြည်သစ်ပါတီ အပါအဝင် UNFC အဖွဲ့ဝင်တွေက NCA လက်မှတ် ရေးထိုးနိုင်ဖို့ အစိုးရနဲ့ အချက် ၈ ချက်ကို ညှိနှိုင်းခဲ့ ပါတယ်။

အဲဒီထဲမှာ နှစ်ဦး နှစ်ဘက် လိုက်နာရမယ့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်၊ နိုင်ငံတကာ ကိုယ်စားလှယ် ပါဝင်တဲ့ လွတ်လပ်တဲ့ လေ့လာစောင့်ကြည့်ရေး အဖွဲ့ ဖွဲ့စည်းရေး၊ နှစ်ဘက်အကြား ပြဿနာ ဖြစ်လာရင် ဘက်မလိုက်ဘဲ ဖြေရှင်းမှု စတာတွေ အပါအဝင် ညှိနှိုင်းလို့ မရသေးတဲ့ အချက် ၄ ချက် ကျန်နေပါတယ်။

ဒီအချက်တွေကို ညှိနှိုင်းလို့မရ သေးခင် လက်မှတ်ထိုးဖို့ ဆုံးဖြတ်ချက်ကို မွန်ပြည်သစ်ပါတီက UNFC ကို အသိပေး ထားတယ်လို့ နိုင်ရွှေသိန်း က ပြောပါတယ်။

UNFC ဘက်ကလည်း သူ့အဖွဲ့ဝင် နှစ်ဖွဲ့ လက်မှတ် ထိုးမယ့် ကိစ္စနဲ့ ပတ်သက်လို့ လာမယ့် ဖေဖေါ်ဝါရီ ၁၀ ရက် မှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဆွေးနွေးကြဖို့ ရှိပါတယ်။