သယံဇာတ ပေါများတယ် ဆိုပေမယ့် တိုင်းပြည်အတွက် အရာမထင်

Image caption ၃ ပုံ ၁ ပုံ ဝန်းကျင်လောက်ပဲ အစိုးရကို စာရင်းပြ

မြန်မာ့ သဘာဝ သယံဇာတတွေ တူးဖော် ထုတ်လုပ်တဲ့ လုပ်ငန်းတွေ ကနေ တိုင်းပြည် အတွက် အကျိုးအမြတ် မရှိပဲ ဆုံးရှုံး နေခဲ့တာ နှစ်ပေါင်း ကြာခဲ့ပြီ ဆိုပြီး လွှတ်တော်ထဲ ဆွေးနွေး လာကြပါတယ်။

ရွှေတူးတဲ့ လုပ်ငန်း တစ်ခုတည်းကို ကြည့်ရင် တစ်လ ရွှေ ၂ ကျပ်သား အစိုးရကို သွင်းရမယ် ဆိုတဲ့ စည်းမျဉ်းကို ရွှေတူးတဲ့ ကုမ္ပဏီပေါင်း ၁ဝဝ နီးပါးက ၁၅ နှစ် ကြာ မလိုက်နာ တာ တွေ့ရပြီး၊ ဒါဟာ အမေရိကန် ဒေါ်လာ ဘီလီယံပေါင်း ရာနဲ့ချီပြီး တိုင်းပြည်က နစ်နာ နေတာ ဖြစ်တယ်လို့ သဘာဝ သယံဇာတတွေ မဆုံးရှုံးရေး အမျိုးသား လွှတ်တော်ထဲ အဆိုတင်ခဲ့တဲ့ အမတ် ဦးဖေချစ်က ဘီဘီစီကို ပြောပါတယ်။

အလားတူ ကျောက်စိမ်းလုပ်ငန်း၊ သစ်ထုတ်လုပ်ရေး လုပ်ငန်းတွေကနေ ဆုံးရှုံး နေရတာတွေ ပမာဏ ကြီးကြီးမားမား ရှိနေတာ နှစ်ကာလ တာရှည် ခဲ့ပြီလို့ အမျိုးသား လွှတ်တော် အမတ် တချို့က ထောက်ပြ ခဲ့ကြပါတယ်။

Image caption တစ်လ ရွှေ ၂ ကျပ်သား အစိုးရကို သွင်းရမယ် ဆိုတဲ့ စည်းမျဉ်းရှိ

ကျောက်စိမ်း တူးတဲ့ မြေဧက ၃ သောင်းကျော် ရှိတဲ့ ဖားကန့်လို ဒေသမျိုးမှာ ဆိုရင်လည်း စစ် အစိုးရ အဆက်ဆက် ခေတ် အာဏာပိုင်တွေနဲ့ နီးစပ်တဲ့ ကုမ္ပဏီကြီးတွေသာ လုပ်ငန်းကို လက်ဝါးကြီး အုပ်ခဲ့ကြတယ်လို့ အမျိုးသားလွှတ်တော် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မီတီဝင် ဦးထွန်းထွန်းဦးက ဆိုပါတယ်။

Global Witness အစီရင်ခံစာ အရ ဆိုရင်လည်း ၂ဝဝ၅ ကနေ၂ဝ၀၄ အထိ ကာလ အတွင်း ကျောက်စိမ်း ထုတ်သမျှရဲ့ ၃ ပုံ ၁ ပုံ ဝန်းကျင်လောက်ပဲ အစိုးရကို စာရင်းပြပြီး ကျန်တာတွေကို တရုတ်ပြည်ဘက် ခိုးပို့ခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

သစ်ထုတ်လုပ်ရေးမှာလည်း အလားတူ ဖြစ်နေတဲ့ အတွက် မှောင်ခိုလမ်းနဲ့ အများစု ထွက်နေကြတာကို မထိန်းချုပ်နိုင်ရင် နိုင်ငံအတွက် အင်မတန် နစ်နာ တယ်လို့လည်း ဦးထွန်းထွန်းဦးက ပြောပါတယ်။

Image caption သစ်ထုတ်လုပ်ရေးလည်း မှောင်ခိုကပဲ ပြည်ပကို အထွက်များ

ဒီလို အရင်အစိုးရနဲ့ ဆက်နွယ်တဲ့ ကုမ္ပဏီကြီးတွေကို ချထားပေးခဲ့ တူးဖော်ခွင့် လိုင်စင် အတော်များများဟာ အခုနှစ် ၂၀၁၈ မှာ သက်တမ်း ကုန်မှာ ဖြစ်ပေမယ့် ၊ အကြီးစား ကုမ္ပဏီကြီးတချို့က တော့ ၂ဝ၂ဝ အထိ လိုင်စင် ရထားကြတယ်လို့ ဆိုပါတယ်။

တခါ သယံဇာတ ထုတ်တဲ့ ဒေသတွေမှာ လက်နက်ကိုင် ပဋိပက္ခတွေ ဆက်ရှိ နေဦးမယ် ဆိုရင် လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းတွေကပဲ အာဏာပိုရှိနေ ဦးမှာ ဖြစ်ပြီး၊ အစိုးရ အနေနဲ့ ဥပဒေကြောင်း အရ ထိန်းချုပ်နိုင်ဖို့ ခက်နေ လိမ့်ဦးမယ်လို့ ဦးထွန်းထွန်းဦးက ထောက်ပြ ပြောဆိုပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
လွတ်လပ်အတွေးဆွေးနွေးဖလှယ်

လောလောဆယ်မှာတော့ သယံဇာတ ထုတ်လုပ်ရေးနဲ့ ပတ်သက်ပြီး ဥပဒေသစ် ရေးဆွဲနေတာကြောင့် လိုင်စင်သစ် ချမပေးသလို၊ သက်တမ်းလည်း ထပ်မတိုးပဲ ဆိုင်းငံ ထားတယ်လို့ ဆိုပါတယ်။

သဘာဝ သယံဇာတတွေ ပျက်စီး ဆုံးရှုံးနေတာကို အစိုးရက အမျိုးသားရေး တာဝန်တရပ် အဖြစ် ထိန်းသိမ်း စောင့်ရှောက်ပေးဖို့ တိုက်တွန်းတဲ့ အဆို အမတ် ဦးဖေချစ်ရဲ့

အဆိုကိုတော့ လာမယ့် အင်္ဂါနေ့ ဖေဖေါ်ဝါရီ ၁၃ ရက်နေ့မှာ အပြီးသတ် ဆွေးနွေးမှာဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ