KIA က သူ့တပ် စခန်းတွေ ကနေ မဖယ်ဘူးလို့ ဆို

Image caption တပ်မတော်နဲ့ KIA ကြား အခုလအတွင်း တိုက်ပွဲတွေ ရှိနေဆဲ

ကချင် လွတ်လပ်ရေး တပ်ဖွဲ့ KIA အခြေစိုက် စခန်းတချို့ကို ဖယ်ရှားပေးဖို့ တပ်မတော်က တောင်းဆို တယ်လို့ ကချင်လွတ်လပ်ရေး အဖွဲ့က ပြောပါတယ်။

KIO ဘက်က စတင် ကမ်းလှမ်းခဲ့ပြီး တရုတ်နိုင်ငံက ကြားဝင် စေ့စပ်ပေးမှုနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က တရုတ်နိုင်ငံမှာ နှစ်ဘက် တွေ့ဆုံခဲ့စဉ် ပြောခဲ့တာလို့လည်း ဆိုပါတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်စား ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့နဲ့ KIO ဘက်က ဗဟိုကော်တီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်တဲ့ ၆ ဦးပါ အဖွဲ့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီ တွေ့ဆုံမှုဟာ အဓိပ္ပာယ် ရှိတဲ့ တွေ့ဆုံမှုမျိုး မဟုတ်ဘဲ တဘက်နဲ့ တဘက် အမြင်တွေကို တင်ပြ ကြရုံသာ ဖြစ်တယ်လို့ KIO ဘက်က ပြောပါတယ်။

တပ်မတော် ဘက်က မြစ်ကြီးနား အနောက်ဘက် မှာရှိတဲ့ တပ်ရင်း ၁၁ နဲ့ တနိုင်းမြို့ တောင်ဘက် မှာ ရှိတဲ့ တပ်ရင်း ၁၄ ကို ဆုတ်ခွာ ပေးဖို့ တောင်းဆိုတာ ဖြစ်ပြီး KIO ဘက်က လိုက်နာ လုပ်ဆောင်ဖို့ မရှိဘူးလို့ KIO ဗဟို ကော်မတီဝင် ဦးဒွဲပီစားက ပြောပါတယ်။

တပ်မတော် အနေနဲ့က KIO ကို စစ်ရေးအရ ချေမှုန်းဖို့ လမ်းစဉ် ရှိတယ်ဆိုတာ တဖြည်းဖြည်းနဲ့ ပိုထင်ရှား လာတယ်လို့လည်း သူက ပြောပါတယ်။

နှစ်ဘက် တွေ့ဆုံခဲ့စဉ်မှာ တပ်မတော်ဘက်က စစ်ဆင်ရေးတွေကို အင်အားလျှော့ပေးဖို့ ကချင် ခေါင်းဆောင်တွေ ဘက်က တောင်းဆိုခဲ့တာကို တပ်မတော်ဘက်က လက်မခံ ဘူးလို့ ဦးဒွဲပီစားက ပြောပါတယ်။