သတင်းထောက်တွေ ဘာလို့ အဖမ်းခံခဲ့ရလဲ ရိုက်တာ ပြောပြီ

ဓာတ်ပုံ မူပိုင် HANDOUT
Image caption လူ၁ဝ ယောက် အသတ်ခံခဲ့ရ

မြန်မာ နိုင်ငံမှာ ရိုက်တာသတင်းထောက် နှစ်ယောက် ဖမ်းခံ ထားရတဲ့ ကိစ္စနဲ့ ပတ်သက် နေတဲ့ အင်းဒင် ရွာ အစုလိုက် အပြုံလိုက် လူသတ်မှု အကြောင်း အသေးစိတ် အချက်အလက်တွေကို ရိုက်တာ သတင်းဌာနက ထုတ်ပြန် လာပါတယ်။

အဲဒီ လူသတ်မှု သတင်းနောက် လိုက်လံ စုံစမ်းခဲ့တဲ့ ရိုက်တာ သတင်းထောက် နှစ်ယောက် ဖြစ်တဲ့ ဝလုံးနဲ့ ကျော်စိုးဦးတို့ဟာ အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ ချိုးဖောက်မှုနဲ့ ဖမ်းဆီး တရားစွဲဆို ခံထားရပါတယ်။

အင်းဒင်ရွာ လူသတ်မှုမှာ ရိုဟင်ဂျာ ၁ဝ ဦး ဥပဒေမဲ့ အသတ်ခံခဲ့ရကြောင်း အထောက်အထားတွေ ဖော်ထုတ် နိုင်ခဲ့တယ်လို့ ရိုက်တာ သတင်းဌာနက ပြောပါတယ်။

ဒါ့ကြောင့် သူတို့ရဲ့ သတင်းထောက် နှစ်ယောက်ဟာ အများပြည်သူ သိသင့်သိထိုက်တဲ့ သတင်းဖော်ပြဖို့ ကြိုးစားရင်း သတင်းနောက်ကို လိုက်ခဲ့တာ ဖြစ်တယ် ဆိုတာ ထင်ရှားတယ်လို့ ရိုက်တာ သတင်းဌာနက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption သတင်းထောက်တွေကို အာမခံ မပေး

(သတိပေးချက်။ ။ အခု သတင်းမှာ လူတွေ အသတ်ခံထားတဲ့ ဓာတ်ပုံကို ယှဉ်တွဲ ဖော်ပြ ထားတဲ့ အတွက် စာဖတ်သူ တချို့ အတွက် စိတ်မသက်မသာ ဖြစ်ကောင်း ဖြစ်နိုင်ကြောင်း ကြိုတင် သတိပေးပါတယ်။)

"သတင်းထောက် နှစ်ယောက် ဖမ်းခံလိုက်ရတဲ့ ကနဦး အချိန်တွေမှာ သူတို့ရဲ့ လုံခြုံရေးကို အဓိက အလေးထားခဲ့ပါတယ်။ လက်ရှိ သူတို့ ရင်ဆိုင်နေရတဲ့ ဥပဒေကြောင်း ဆိုင်ရာ အခြေအနေကို ရိုက်တာက သေသေချာချာ သိရှိလာခဲ့တဲ့နောက် ကာယကံရှင် နှစ်ဦး အပါအဝင် သူတို့ရဲ့ မိသားစုနဲ့ပါ တိုင်ပင် ဆွေးနွေးပြီး ရိုက်တာ အနေနဲ့ အင်းဒင်ဖြစ်ရပ် အကြောင်း ဘာတွေ သိထားသလဲ ဆိုတာ အခုလို ထုတ်ပြဖို့ ဆုံးဖြတ်ခဲ့တယ်" လို့ ရိုက်တာ အယ်ဒီတာချုပ် စတီဖင် ဂျေ အက်ဒ်လာ ကပြောပါတယ်။

အင်းဒင်ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဘယ်သူမှ မဖော်ထုတ်နိုင်သေးတဲ့ အချက်အလက်တွေဟာ ကမ္ဘာ့ ပြည်သူတွေ အတွက်လည်း အကျိုး ရှိစေတဲ့ အတွက် ထုတ်ပြန်ရတာ ဖြစ်တယ်လို့လည်း မစ္စတာ အက်ဒ်လာက ဆိုပါတယ်။

အခင်းဖြစ်ရပ် ဒေသဟာ ကန့်သတ်နယ်မြေ ဖြစ်တဲ့ အတွက် အသေးစိတ် အချက်အလက်တွေ အပေါ်မှာတော့ ဘီဘီစီ အနေနဲ့ လွတ်လပ်တဲ့ အတည်ပြုချက်မျိုးတော့ မရယူ နိုင်သေးပါဘူး။

ဓာတ်ပုံ မူပိုင် HANDOUT
Image caption တချို့ကို သေနတ်နဲ့ ပစ်ပြီး တချို့ကို ဓားနဲ့ ခုတ်ခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

ဒါပေမယ့် ရခိုင်ပြည်နယ်ထဲ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ဖြစ်ခဲ့တယ် ဆိုပြီး မျက်မြင် သက်သေတွေရဲ့ ထွက်ဆိုချက်တွေ ဆက်တိုက် ရှိလာတဲ့ အချိန်မှာပဲ အခုလို အင်းဒင်ရွာ အသေးစိတ် အချက်အလက်တွေကို ရိုက်တာက ထုတ်ပြန် လာတာ ဖြစ်ပါတယ်။

ရိုက်တာရဲ့ အဆိုအရ အခုဖမ်းခံထားရတဲ့ သူတို့ရဲ့ သတင်းထောက် နှစ်ယောက်ဟာ အင်းဒင်ရွာ ၁ဝ လောင်းပြိုင် အသတ် ခံရမှုနဲ့ ပတ်သက်ပြီး ရခိုင် ရွာသားတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို တွေ့ဆုံ မေးမြန်းတာတွေ၊ ဓာတ်ပုံသက်သေတွေ စုဆောင်းတာမျိုးတွေ ပြုလုပ် ခဲ့တယ်လို့ ဆိုပါတယ်။

ရရှိလာခဲ့တဲ့ အထောက်အထားတွေကို ဆက်စပ်ပြီး လူ ၁ဝ ယောက် ဘယ်လို သတ်ဖြတ် ခံခဲ့ရသလဲ ဆိုတာ ပုံပေါ် လာတယ်လို့လည်း ရိုက်တာက ဆိုပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရိုက်တာ သတင်းထောက်တွေကို စွဲချက်တင်

အသတ် ခံခဲ့ရသူတွေဟာ သူတို့ကျေးရွာ အစီးနင်းခံရချိန် ကမ်းခြေမှာ လုံခြုံရာ ရှာဖို့ ကြိုးစားနေတုန်း ဖမ်းဆီး ခံခဲ့ရတာလို့ ရိုက်တာက ပြောပါတယ်။

အဲဒီနောက်မှာတော့ အင်းဒင်ကျေးရွာသားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အဲဒီ ရိုဟင်ဂျာတွေကို သတ်ဖြတ် ပစ်ခဲ့တယ်လို့ ဆိုပါတယ်။

အသတ် ခံခဲ့ရသူတွေထဲက အနည်းဆုံး နှစ်ယောက်ဟာ ရွာသားတွေ လက်ချက်နဲ့ သေဆုံး ခဲ့ရတာ ဖြစ်ပြီး ကျန်သူတွေကိုတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်သတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဖမ်းခံထားရတဲ့ သတင်းထောက် နှစ်ယောက် လိုက်ခဲ့တဲ့ သတင်းကို ရိုက်တာဘက်က အခုလို ထုတ်ပြန်လာတာဟာ ဖြစ်လာနိုင်တဲ့ အခြေအနေတွေကို အသေအချာ တွက်ဆပြီး အန္တရာယ်နဲ့ရင်းပြီး ထုတ်ပြန် လာတာ ဖြစ်တယ်လို့ နယူးစ်နိုက် အစီအစဉ်က ဘီဘီစီ သတင်းထောက် ဂျိမ်း ကလေတန်က ဆိုပါတယ်။

အခုလို ထုတ်ပြန် ပေးခြင်းအားဖြင့် ဝလုံးနဲ့ ကျော်စိုးဦးတို့ နှစ်ယောက်ဟာ စွပ်စွဲ ခံထားရသလိုမျိုး အစိုးရ လျှို့ဝှက်ချက် ဥပဒေ ချိုးဖောက်တာမျိုး မဟုတ်ဘဲ စာနယ်ဇင်းသမားတွေ ဖြစ်တဲ့ အားလျော်စွာ ကိုယ့်ရဲ့တာဝန်ကို ကိုယ်လုပ်ဆောင် ခဲ့ကြတာ ဖြစ်တယ် ဆိုတဲ့ အချက် အပေါ် တရားရုံးတော်က ချိန်ဆနိုင်ဖို့ အထောက်အကူ ဖြစ်လာလိမ့်မယ် ဆိုပြီး ရိုက်တာ ဘက်က မျှော်လင့် နေတာဖြစ်ပါတယ်။

အခု သတင်းနဲ့ ပတ်သက်ပြီး အစိုးရဆီက တုံ့ပြန်ချက်ကို ဘီဘီစီက တိုက်ရိုက်မရသေးပေမယ့် အစိုးရပြောရေးဆိုခွင့် ရှိ ဦးဇော်ဌေးက ရိုက်တာ သတင်းဌာနကို ပြန်ကြားခဲ့တဲ့ အထဲမှာတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လုံးဝမရှိဘူးလို့ အစိုးရဘက်က အပြတ် မငြင်းကြောင်း၊ တိကျခိုင်မာတဲ့ အထော်အထားတွေ ရှိမယ်ဆိုရင် ကျူးလွန်သူတွေကို တည်ဆဲဥပဒေတွေနဲ့ အရေးယူသွားမှာ ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

အင်းဒင်ရွာ လူသတ်မှုမှာ အရပ်သားတွေနဲ့အတူ အစိုးရ စစ်သားတွေ ပါဝင်တယ် ဆိုတဲ့ အချက်ကို မြန်မာ အစိုးရနဲ့ တပ်မတော်ဘက်က ဝန်ခံ ထားပြီး ဖြစ်ပြီး ပါဝင် ပတ်သက် နေသူတွေကို ဖမ်းဆီး ခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဖမ်းဆီးခံသားအတွက် မိခင်တဦးရဲ့ သောက

ဆက်စပ် အကြောင်းအရာများ