တပ်မတော် နဲ့ ရိုက်တာ သတင်း ဘာကွာခြားလဲ

ဓာတ်ပုံ မူပိုင် Reuters
Image caption ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ ဖမ်းဆီးခံရ

ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကို ဖမ်းဆီးခဲ့တာဟာ အင်းဒင် မှာ ရိုဟင်ဂျာ ၁၀ ယောက်ကို သတ်ဖြတ်မှုနဲ့ တိုက်ရိုက် ဆက်စပ်တယ်လို့ ရိုက်တာ က ထုတ်ပြန်တဲ့ အထူးသတင်း ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

ရိုက်တာ ရဲ့ အထူးသတင်းဆောင်းပါး မှာ ဖော်ပြချက်အရ ရိုဟင်ဂျာရွာသား ၁၀ ယောက်ကို စက်တင်ဘာ ၁ ရက် ညနေမှာ ဖမ်းဆီးခဲ့ပြီး စက်တင်ဘာ ၂ ရက် မနက် ၁၀ နာရီလောက်မှာတော့ ရွာသားနှစ်ယောက်နဲ့ လုံခြုံရေး တပ်ဖွဲ့တွေက သူတို့အားလုံးကို သတ်ဖြတ်ခဲ့တယ်လို့ ဆိုထားပါတယ်။

အင်းဒင်ရွာ ဖြစ်ရပ် အသေးစိတ် ရိုက်တာ ထုတ်ပြန်

အင်းဒင်က အလောင်းတွေဟာ ဘင်္ဂါလီ အလောင်းတွေလို့ စစ်ဆေးတွေ့

ရိုက်တာ သတင်းထောက်တွေကို လျှို့ဝှက်အက်နဲ့ တရားစွဲ

ဓာတ်ပုံ မူပိုင် Reuters
Image caption အင်းဒင်က ရုပ်ကြွင်းအစအနတွေ

တပ်မတော် ကလည်း ဒါနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ခဲ့ပေမယ့် တပ်မတော် သတင်း ထုတ်ပြန်ချက်ဟာ သူတို့ တွေ့ရှိချက်တွေနဲ့ ကွဲလွဲချက်တချို့ ရှိကြောင်း ရိုက်တာသတင်းဌာနက ရေးသားတဲ့ အဲဒီ အထူးဆောင်းပါး ထဲမှာ ဖော်ပြထားပါတယ်။

၁ ။ အစိုးရသတင်း ထုတ်ပြန်ချက်မှာ အခု အသတ်ခံရတဲ့ ရိုဟင်ဂျာ ၁၀ ဦးဟာ လုံခြုံရေး တပ်ဖွဲ့ကို တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်သမား လူ ၂ဝဝ အုပ်စုထဲကဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဲဒီအချိန်မှာ နယ်မြေ မငြိမ်မသက် ဖြစ်ပြီး တိုက်ပွဲ ပြင်းထန်နေလို့ သူတို့ကို ရဲစခန်းပို့ဖို့ အဆင် မပြေတဲ့ အတွက် သတ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒေသခံ ရခိုင်ရွာသားတွေနဲ့ ရိုက်တာ သတင်းဌာနရဲ့ အင်တာဗျူးတွေအရ အင်းဒင်မှာ လုံခြုံရေး တပ်ဖွဲ့ကို လူစုလူဝေးနဲ့ တိုက်ခိုက်တဲ့ ဖြစ်ရပ် မဖြစ်ပွားခဲ့ဘူးလို့ ဆိုပါတယ်။

၂ ။ ရိုဟင်ဂျာတွေရဲ့ အိမ်တွေကို မီးရှို့ဖို့ အတွက် အင်းဒင်နဲ့ အနည်းဆုံး တခြား ရွာနှစ်ရွာက ဒေသခံ ဗုဒ္ဓဘာသာဝင်တွေကို စုစည်းခဲ့တယ် ရွာသား တဒါဇင်ကျော်က ရိုက်တာကို ပြောခဲ့တယ်လို့လည်း ဆိုပါတယ်။

၃။ ရှင်းလင်းပစ် ဆိုတဲ့ အမိန့်ကို တပ်မတော် ကနေ အမိန့်ပေးခဲ့တာ ဖြစ်တယ်လို့လည်း ပြည်သူ့စစ် ၃ ယောက်နဲ့ ထောက်လှမ်းရေး တယောက်တို့က ရိုက်တာကို ပြောခဲ့တယ် လို့လည်း ရေးသားထားပါတယ်။

၄ ။ အင်းဒင် စစ်ဆင်ရေးကို ဦးဆောင် ခဲ့တာဟာ ခမရ ၃၃ နဲ့ အမှတ် ၈ ပြည်သူ့စစ်တပ်ဖွဲ့တို့ ဖြစ်တယ် လို့လည်း ရဲအရာရှိ သုံးယောက်က ရိုက်တာကို ပြောကြောင်း ဖော်ပြထားပါတယ်။

၅။ ဒါ့အပြင်မှာ ပြည်သူ့စစ် အဖွဲ့ဝင် တချို့ဟာ ရိုဟင်ဂျာတွေ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေ၊ ကျွဲနွား၊ မော်တော် ဆိုင်ကယ်တွေကို လုယူ ရောင်းစားခဲ့ကြတယ် လို့လည်း ရိုက်တာရဲ့ အထူးသတင်း ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ချုပ် ဦးဇော်ဌေး ကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မရှိဘူးလို့ အသားလွတ် ငြင်းဆန်နေတာမဟုတ်တဲ့ အကြောင်း ခိုင်မာပြီး ယုံကြည်လောက်တဲ့ သက်သေ အထောက်အထား တွေကို ပြနိုင်ရင် စုံစမ်း အရေးယူသွားမယ် လို့လည်း ပြောကြောင်း ရိုက်တာ အထူးသတင်း ဆောင်းပါးမှာ ဖော်ပြထားပါတယ်။