ဦးကိုနီအမှု တရားခံတွေကို စွဲချက်တင်

ဓာတ်ပုံ ရင်းမြစ်, BBC Burmese
ပုဒ်မ ၃၀၂ (၁) (ခ)/၃၄ အရ ပြစ်မှုထင်ရှားရင် အမြင့်ဆုံး အနေနဲ့ သေဒဏ်အထိ ကျခံ ရနိုင်
NLD ပါတီ ဥပဒေအကျိုးဆောင် အဖွဲ့ဝင် ဦးကိုနီကို လုပ်ကြံ သတ်ဖြတ်မှုနဲ့ ဆက်စပ်ပြီး ဖမ်းဆီး ရုံးတင်ထားတဲ့ တရားခံ ၄ ဦးကို ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးက ပုဒ်မ အသီးသီးနဲ့ စွဲချက်တင်ခဲ့ပါတယ်။
သေနတ်သမား ကြည်လင်းနဲ့တကွ အောင်ဝင်းဇော်နဲ့ ဇေယျာဖြိုးတို့ကို ကြိုတင် ကြံစည်ပြီး ပူးပေါင်း လုပ်ကြံ သတ်ဖြတ်မှုဖြစ်တဲ့ ပုဒ်မ ၃၀၂ (၁) (ခ)/၃၄ နဲ့ စွဲချက်တင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ပြစ်မှုထင်ရှားရင် အမြင့်ဆုံး အနေနဲ့ သေဒဏ်အထိ ကျခံ ရနိုင်ကြောင်း ဦးကိုနီဘက်က လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ တရားလိုရှေ့နေ ဦးခင်မောင်ဌေးက ပြောဆိုခဲ့ပါတယ်။
တရားခံရှေ့နေ ဦးကျော်ကျော်ထိုက်ကတော့ သူတို့ဘက်က တင်ကူးကြံစည်မှု မရှိပဲ ကျူးလွန်ခဲ့တယ်ဆိုပြီး လျှောက်လဲခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ဘီဘီစီကို ပြောပါတယ်။
အောင်ဝင်းထွန်းကိုတော့ သူ့ရဲ့ အကို အောင်ဝင်းဇော် ဖားအံမြို့ကို ထွက်ပြေးဖို့ ကူညီခဲ့တဲ့အတွက် ပုဒ်မ ၂၁၂ နဲ့ တရားရုံးက စွဲချက်တင်ခဲ့ပြီး ဒီပုဒ်မ အရကတော့ အမြင့်ဆုံး ထောင်ဒဏ် ၂ နှစ် ဖြစ်တယ်လို့ ဦးခင်မောင်ဌေးက ပြောပါတယ်။
ဓာတ်ပုံ ရင်းမြစ်, BBC Burmese
လွတ်မြောက်နေတဲ့ အောင်ဝင်းခိုင်ကိုလည်း အလားတူ ပုဒ်မ ၃၀၂ (၁) (ခ)/၃၄နဲ့ စွဲချက်တင်ထားတယ်လို့ တရားခံရှေ့နေ ဦးခင်မောင်ဌေး ပြော
လောလောဆယ် ထွက်ပြေး လွတ်မြောက်နေတဲ့ အောင်ဝင်းခိုင်ကိုလည်း အလားတူ ပုဒ်မ ၃၀၂ (၁) (ခ)/၃၄နဲ့ စွဲချက်တင်ထားပြီး ဖမ်းဝရမ်းလည်း ထုတ်ထားတယ်လို့ သူက ဆက်ပြောပါတယ်။
အခုလို စွဲချက်တင်မှုတွေကို ၄၃ ကြိမ်မြောက် ရုံးထုတ်ပြီးမှ ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အမှုအတွက် သက်သေ အရေအတွက် ၈၀ အထိ ရှိခဲ့တာကြောင့် အခုလို ကြန့်ကြာနေခဲ့တာ ဖြစ်တယ်လို့ ဦးခင်မောင်ဌေးက ပြောပါတယ်။
ဦးကိုနီ လုပ်ကြံခံရခြင်း တနှစ်ပြည့် အောက်မေ့ဖွယ် ကျင်းပ
တရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှာ ရန်ကုန်လေဆိပ် ကားရပ်နား စခန်းအတွင်း သေနတ်သမား ကြည်လင်းရဲ့ လုပ်ကြံခံရတာဖြစ်ပြီး သူ့ကို ဖမ်းဆီးဖို့ ကြိုးစားတဲ့ အငှားယာဉ်မောင်း ကိုနေဝင်းလည်း သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။