ကျွန်းတွေမှာ ကာစီနိုဖွင့်ဖို့ ရှိမရှိမေး

myeik

ဓာတ်ပုံ ရင်းမြစ်, မြိတ်သတင်း နှင့် ဓာတ်ပုံ

ဓာတ်ပုံ ပုံစာ,

လှပတဲ့ ကျွန်းတွေပေါတဲ့ မြန်မာပြည်

ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုး တိုးတက်စေဖို့ အတွက် ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်လေ့ရှိတဲ့ ကျွန်းတွေမှာ ကာစီနိုတွေ ဖွင့်ဖို့ ရှိ မရှိဆိုပြီး ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် တဦးက လွှတ်တော် မှာ မေးခဲ့ပါတယ်။

လက်ရှိ နိုင်ငံခြားကြွေးမြီဟာ အမေရိကန်ဒေါ်လာ ၁၀ ဘီလျံ လောက် ရှိနေပြီး လက်ရှိဝင်ငွေနဲ့ စီးပွားရေးတိုးနှုန်းအရ အကြွေးဆပ်နိုင်ဖို့ ၁၀ နှစ်လောက် စောင့်ရမယ့် အခြေအနေဖြစ်နေသလို ပြည်သူ့ဆီကပဲ အခွန်ကောက် နေရမယ် ဆိုရင်လည်း အဆင်မပြေဘူးလို့ မေးခွန်း မေးမြန်းသူ မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ဆိုပါတယ်။

နိုင်ငံခြားသား သီးသန့် ကစားတာဖြစ်စေ နိုင်ငံသား ကစားတာဖြစ်စေ လက်ရှိ လောင်းကစား ဥပဒေအရ ငြိစွန်းတယ်လို့ ပြည်ထဲရေးဘက်က ဆိုထားပါတယ်။

ဒါပေမဲ့ ဝန်ကြီးဌာနဘက်ကတော့ နိုင်ငံခြားခရီးသွားတွေကို ဆွဲဆောင်ဖို့အတွက် ကာစီနို လုပ်ငန်းတွေ ခွင့်ပြုဖို့တိုက်တွန်းချက်တွေကို ကန့်ကွက်ဖို့ မရှိဘူးလို့ ဟိုတယ်ခရီးဝန်ကြီး ဦးအုန်းမောင်က ပြောပါတယ်။

ဟိုတယ်နဲ့ ခရီးသွားလာရေး လုပ်ငန်း အလုပ်ရုံ ဆွေးနွေးပွဲ တွေမှာတော့ ကျွန်းတွေပေါ်မှာတင်မကဘဲ ကုန်းပေါ်က ဟိုတယ်တွေမှာပါ ခွင့်ပြုဖို့ အကြုံပြုချက်တွေလည်း ရှိနေတာပါ။

casino

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

လူကြိုက်များတဲ့ ကာစီနို လောင်းကစား

၂၀၁၃ ခုနှစ်က ထုတ်ပြန်ထားတဲ့ မြန်မာ့ရင်းနှီးမြှပ်နှံမှု ကော်မရှင်ရဲ့ အမိန့်ကြေညာစာ ထဲမှာတော့ ဟိုတယ်နဲ့ ခရီးဝန်ကြီးဌာနက ဆောင်ရွက်နိုင်တဲ့ လုပ်ငန်းစုတွေမှာ နိုင်ငံခြားသားတွေ အတွက် ကာစီနို လုပ်ငန်းတွေကို ပြည်ထောင်စု အစိုးရရဲ့ ကန့်သတ် ဧရိယာ တွေမှာ ရှိတဲ့ဟိုတယ်တွေမှာ ဆောင်ရွက်နိုင်တယ်လို့ ပါရှိပါတယ်။

ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရဲ့ အဲဒီခွင့်ပြုချက်ဟာ မြန်မာနိုင်ငံသားတွေ အတွက်တော့ ကန့်သတ်ထားတယ်လို့ ဝန်ကြီး ဦးအုန်းမောင်က ဆိုပါတယ်။

လောင်းကစား ဥပဒေအရ ကန့်သတ်ချက်တွေကြောင့် ကာစီနို လုပ်ငန်းတွေကို ပြည်တွင်းမှာ တရားဝင် ခွင့်ပြုနိုင်ခြင်း မရှိသေးပေမယ့် မိုင်းလားလို တိုင်းရင်းသား လက်နက်ကိုင် ထိန်းချုပ်ထားတဲ့ ဒေသမှာတော့ ကာစီနို လုပ်ငန်း ကြောင့် ဝင်ငွေအမြောက်အမြား ရရှိနေပါတယ်။