မြောက်ဦးဖြစ်စဉ် စုံစမ်းရေးအဖွဲ့နဲ့ မပူးပေါင်းဖို့ ရခိုင်အစိုးရ ညွှန်ကြား

Image caption မြောက်ဦးဖြစ်စဉ် စုံစမ်းရေးအဖွဲ့နဲ့ မပူးပေါင်းဖို့ ရခိုင်အစိုးရ ညွှန်ကြား

ဇန်နဝါရီလလယ်ပိုင်းက ဖြစ်ခဲ့တဲ့ မြောက်ဦးဖြစ်စဉ်နဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်လွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ မပူးပေါင်းကြဖို့ ပြည်နယ် အစိုးရက ဌာနဆိုင်ရာ ရုံးတွေကို ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။

ဒီအဖွဲ့ကနေ အချက်အလက်တွေ မေးမြန်းလာရင် မဖြေကြားကြဖို့နဲ့ စာရွက်စာတမ်းအထောက်အထားတွေ တောင်းလာရင်လည်း ပြသပေးပို့တာတွေ မလုပ်ဖို့ ညွှန်ကြားထားပါတယ်။

တကယ်လို့ မလိုက်နာဘူးဆိုရင်တော့ သက်ဆိုင်ရာ ပုဂ္ဂိုလ်ရဲ့ တာဝန်သာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အဖွဲ့ဝင် ၇ ဦးပါတဲ့ မြောက်ဦးဖြစ်စဉ် စုံစမ်းရေးအဖွဲ့ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၁၆၇ ပုဒ်မခွဲ (က) ပါ ပြဌာန်းချက်နဲ့ မညီညွတ်ဘူးလို့ အစိုးရရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၆၇ (က) မှာတော့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ် လွှတ်တော်ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပေဒ အရ အပ်နှင်းထားတဲ့ ဥပဒေပြုရေး၊ တိုင်းရင်းသား လူမျိုးများ အရေးကို လေ့လာတင်ပြနိုင်စေဖို့အတွက် လိုအပ်တဲ့အခါ ကော်မတီနဲ့ အဖွဲ့တွေကို သက်ဆိုင်ရာ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းနိုင်တယ်လို့ ဆိုထားပါတယ်။

ဒီပုဒ်မနဲ့ ဘာကြောင့် ကိုက်ညီမှုရှိမရှိဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ဇန်နဝါရီလ ၁၆ ရက်နေ့ညက မြောက်ဦးမြို့မှာ ရခိုင့်ဘုရင်နိုင်ငံတော် ကျဆုံးတဲ့နေ့ အခမ်းအနားကျင်းပခွင့် ပိတ်ပင်ခံရလို့ ဆန္ဒပြကြရာကနေ ရဲတပ်ဖွဲ့နဲ့ ဒေသခံတွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေရဲ့နှိမ်နင်းမှုကြောင့် ဒေသခံ ၇ ဦး သေဆုံးခဲ့ပြီး ၁၂ ဦး ဒဏ်ရာ ရရှိခဲ့တာဟာ ဥပဒေနဲ့ ညီမညီ စုံစမ်းဖော်ထုတ်ဖို့အတွက် ဒီအဖွဲ့ကို ဇန်နဝါရီလ ၂၉ ရက်နေ့က ရခိုင် ပြည်နယ်လွှတ်တော်မှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

မြောက်ဦးဖြစ်စဉ် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို မြေပုံ မဲဆန္ဒနယ်အမှတ်(၁) က လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက ဥက္ကဌအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင် ၇ ဦးနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ