အင်းဒင်ရွာသတ်ဖြတ်မှုမှာ တပ်မတော်သားတွေ အပါအဝင် ၁၆ ဦးကို အရေးယူမယ်

ဓာတ်ပုံ မူပိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
Image caption အကြမ်းဖက်သမားတွေကို သတ်ဖြတ်ခဲ့တာလို့ တပ်မတော်ဘက်က ထုတ်ပြန်ထားခဲ့

ရခိုင်ပြည်နယ် မောင်းတောမြို့နယ် အင်းဒင်းကျေးရွာမှာ ရိုဟင်ဂျာ ၁၀ ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး တပ်မတော်သားတွေနဲ့ အရပ်သားတွေ အပါအဝင် စုစုပေါင်း ၁၆ ယောက်ကို အရေးယူမှာ ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို ကိုးကားပြီး Reuters သတင်းဌာနက ပြောပါတယ်။

အဲဒီရိုဟင်ဂျာ ၁၀ ဦးဟာ ပြီးခဲ့တဲ့ နှစ် စက်တင်ဘာလက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေအတွင်း ဖမ်းဆီးခံရပြီး နောက်ပိုင်းမှာ အဆုံးစီရင်ခံရတာ ဖြစ်ပါတယ်။

အခုလို သတ်ဖြတ်မှုမှာ တပ်မတော်သားတွေ ပါဝင်တယ်ဆိုတဲ့ အချက်ကိုလည်း အစိုးရစစ်တပ်က ဝန်ခံထားပြီး ဖြစ်ပါတယ်။

အခုလို အရေးယူဖို့အတွက် လွန်ခဲ့တဲ့ တလ လောက် ကတည်းက စုံစမ်းစစ်ဆေးရေး အဖွဲ့က စစ်ဆေးနေတာ ဖြစ်ပြီး အရေးယူခံရတဲ့အထဲမှာ အစိုးရတပ်ဖွဲ့ဝင်တွေ၊ အုပ်ချုပ်ရေးမှူးတွေနဲ့ အရပ်သားတွေလည်း ပါဝင်တယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ဘီဘီစီကို ပြောပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ တခြား စွပ်စွဲချက်တွေကိုလည်း ကျူးလွန်ကြောင်း မှန်ကန်ရင် အရေးယူဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဦးတင်မောင်ဆွေက ပြောပါတယ်။