ရခိုင်က အကြမ်းဖက်မှု စွပ်စွဲချက်တွေ စုံစမ်းဖို့ ဗြိတိန် ဝန်ကြီးတိုက်တွန်း

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ဒုက္ခသည်တွေ နေရပ်ပြန်နိုင်စေဖို့ လုံခြုံရေးကိစ္စတွေကို ဒေါ်အောင်ဆန်း စုကြည်နဲ့ ဆွေးနွေး

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ဒုက္ခသည်တွေ နေရပ်ပြန်နိုင်စေဖို့ လုံခြုံရေးကိစ္စတွေကို ဒေါ်အောင်ဆန်း စုကြည်နဲ့ ဆွေးနွေး

မြန်မာနိုင်ငံကို တစ်ရက်ကြာ လာရောက်တဲ့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဘောရစ် ဂျွန်ဆင်က ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံပြီး ရခိုင်ပြည်မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခနဲ့ ဘင်္ဂလားဒေ့ရှ် ကိုထွက်ပြေး သွားခဲ့ကြတဲ့ ဒုက္ခသည်တွေ အရေးတို့ကို ဆွေးနွေးခဲ့ ပါတယ်။

ပဋိပက္ခတွေ ဖြစ်ခဲ့ရာ ရခိုင် ပြည်နယ် မြောက်ပိုင်းက အကြမ်းဖက် သတ်ဖြတ်မှု စွပ်စွဲချက် တွေနဲ့ ပတ်သက်လို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ နဲ့ ဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေး ခဲ့ရတဲ့ ဒုက္ခသည်တွေ နေရပ်ကို ပြန်လာနိုင်စေဖို့ သူတို့အတွက် လုံခြုံရေး ဆိုင်ရာ ကိစ္စတွေကို အဓိကထား ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။

ဒုက္ခသည်တွေကို ပြန်လည် လက်ခံရေးမှာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံ သဘောတူ ထားတဲ့ အချက်တွေ အတိုင်း မြန်မာအစိုးရ ဘက်က လုပ်ဆောင် ထားတာတွေကို ဒေါ်အောင်ဆန်း စုကြည်က အသေးစိတ် ရှင်းလင်း ပြောခဲ့တယ်လို့ ဆွေးနွေးပွဲမှာ ရှိနေခဲ့တဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန နိုင်ငံရေးရာ ဌာန ညွှန်ကြား ရေးမှူးချုပ် ဦးစိုးဟန်က ဘီဘီစီကို ပြောပါတယ်။

ဒုက္ခသည် တွေကို ပြန်လည် လက်ခံဖို့ မြန်မာ အစိုးရ ဘက်က အဆင်သင့် ဖြစ်နေ ပေမဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရ ဘက်က အသင့် မဖြစ်သေးလို့ ပြန်လက်မခံရ သေးတာ လို့လည်း သူက ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ ရိုက်တာ သတင်းထောက်နှစ်ယောက် ကိစ္စနဲ့ပတ်သက်လို့ လည်း ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးက အဲဒီဆွေးနွေးမှု အတွင်း မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာပြည်ခရီးစဉ်အတွင်းမှာ ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် အပြင် ရခိုင်ပြည်နယ် အစိုးရနဲ့ တွေ့ဆုံခဲ့ပြီး မောင်တောက ပန်းတောပြင် ကျေးရွာနဲ့ တောင်ပြိုလက်ဝဲ ဒုက္ခသည် ပြန်လည်လက်ခံရေး စခန်းကို သွားရောက်ခဲ့ပါတယ်။

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံကို မလာခင် ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဒုက္ခသည် စခန်းတွေကို သွားရောက်ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဗြိတိန် ဝန်ကြီးဟာ ထိုင်းနိုင်ငံ ဘန်ကောက်ကို သွားရောက်ပြီး ရခိုင်ပြည်နယ် အရေး အကြံပေး ကော်မရှင်ရဲ့ အကြံပေး အဖွဲ့ ဥက္ကဋ္ဌ ဆူယာကီယတ် ဆာသီယာထိုင်းနဲ့ တွေ့ဆုံဖို့ အစီအစဉ် ရှိပါတယ်။