မွန်နဲ့လားဟူ ဘာကြောင့် NCA စာချုပ် လက်မှတ်ထိုးတာလဲ

ဓာတ်ပုံ မူပိုင် MOI Webportal Myanmar Facebook
Image caption ဖေဖော်ဝါရီ ၁၃ ရက်မှာ မွန်နဲ့ လားဟူတို့ အပစ်ရပ် စာချုပ် လက်မှတ်ထိုးကြမယ်

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် NCA လက်မှတ်ထိုးကြတော့မယ့် မွန်ပြည်သစ်ပါတီ NMSP နဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး LDU တို့က သူတို့ လက်မှတ်ထိုးဖို့ ဆုံးဖြတ်ရတဲ့ အကြောင်း ရှင်းပြခဲ့ကြပါတယ်။

မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းကို ကူညီနေတဲ့ နီပွန်ဖေါင်ဒေးရှင်းက တာဝန်ရှိသူ တွေနဲ့ အတူ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က သတင်း စာရှင်းလင်းပွဲ ပြုလုပ်ခဲ့စဉ် ပြောခဲ့ကြတာဖြစ်ပါတယ်။

မွန်ပြည်သစ် ပါတီဥက္ကဋ္ဌ နိုင်ထောမွန်က သူတို့အဖွဲ့တစ်ဖွဲ့တည်း NCA စာချုပ်မှာ လက်မှတ်ထိုးဖြစ်တဲ့ အကြောင်းက မြောက်ပိုင်း မဟာမိတ် အဖွဲ့ ပေါ်လာပြီး ငြိမ်းချမ်းရေးကို သူတို့ နည်းလမ်းအတိုင်းသွားမယ့် သဘော ဖြစ်လာလို့ အပစ်ရပ် စာချုပ်မှာ အားလုံးပါဝင် လက်မှတ်မထိုးနိုင်ဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။

သူတို့ အဖွဲ့ လက်ကိုင်ထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အားလုံးပါဝင်ရေးမူကို ဦးသိန်းစိန်အစိုးရလက်ထက်က မလိုက်လျော ခဲ့တဲ့အတွက် လက်မှတ် မထိုးခဲ့တာ ဖြစ်တယ်လို့လည်း နိုင်ထောမွန်ကဆို ပါတယ်။

လာဟူဒီမိုကရက်တစ် အစည်းအရုံး LDU ကတော့ သူတို့ဒေသခံပြည်သူတွေက ငြိမ်းချမ်းရေး ကိုလို လားတဲ့အတွက် လက်မှတ်ထိုးဖို့ ဆုံးဖြတ်တာလို့ပြောပါတယ်။

နီပွန်ဖေါင်ဒေးရှင်းကလည်း လက်မှတ်ထိုးတဲ့ ၂ ဖွဲ့ကို သူတို့ အကူအညီတွေ ပေးမယ့်အကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံအမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုင်ရာဂျပန် အစိုးရရဲ့ အထူးကိုယ်စားလှယ်ဖြစ်တဲ့ နီပွန်ဖေင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါက ပြည်သူတွေဘက်က လိုအပ်ချက် တင်ပြတဲ့ စီမံကိန်းတွေ အပေါ် မူတည်ပြီး ဝိုင်းဝန်းကူညီမယ်၊ ဘယ်လောက် အတိုင်းအတာအထိ ကူညီမယ်ဆိုတာတော့ ကြိုပြောလို့ မရသေးဘူးလို့ ပြောပါတယ်။

နီပွန်ဖေါင်ဒေးရှင်းက NCA စာချုပ် လက်မှတ်ရေးထိုးခဲ့တဲ့ ကရင်ပြည်နယ် အခြေစိုက်လက် နက်ကိုင် အဖွဲ့တွေနဲ့ ကရင်ပြည်နယ် ဖွံဖြိုးရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၄၀ ကူညီထားပါတယ်။

ရခိုင်ပြည်အမျိုးသားကောင်စီ ANC က တော့ NCA စာချုပ်မှာ လက်မှတ်ထိုးနိုင် ဖို့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ် ကောင်စီ UNFC က အဆိုပြုတဲ့ အချက် ၈ ချက် ကို ပြီးပြတ်အောင် မဆွေးနွေး နိုင်သေးတဲ့ အပြင် လက်မှတ်ထိုးရာ မှာလည်း တန်းတူ ရည်တူ မဖြစ်တာ တွေကြောင့် ပါဝင် လက်မှတ်မထိုးနိုင်သေးတာလို့ ANC အထွေထွေ အတွင်းရေးမှူး ဦးထွန်းဇော် က ပြောပါတယ်။