မွန်ပြည်သစ်နဲ့ လားဟူ အပစ်ရပ်လက်မှတ်ထိုး

NCA၊ မွန်ပြည်သစ်ပါတီ၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး၊ အပစ်အခတ် ရပ်စဲရေး သဘောတူချက်
ဓာတ်ပုံ ပုံစာ,

NLD အစိုးရလက်ထက်မှာ ပထမဆုံးအကြိမ် လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ အပစ်ရပ် စာချုပ် လက်မှတ်ထိုး

မြန်မာနိုင်ငံမှာ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရလက်အောက်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ နှစ်ဖွဲ့ ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ NMSP နဲ့ LDU လားဟူ ဒီမိုကရက်တစ် အစည်းအရုံးတို့ ပထမဆုံးအကြိမ် NCA တနိုင်ငံလုံး အပစ်ရပ်ရေး စာချုပ်မှာ ဖေဖေါ်ဝါရီလ ၁၃ရက်မှာ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

လက်မှတ်ရေးထိုးပွဲမှာ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က နှစ်ဖက်အဖွဲ့အစည်းတွေအကြား Biliteral Agreement အပြန်အလှန် သဘောတူညီချက်တွေ ရှိခဲ့ပေမယ့် ညှိနှိုင်း ဖြေရှင်းရေး ယန္တရားတွေ မပါကြောင်း၊ ဒါ့ကြောင့် အငြင်းပွားမှုတွေ ပေါ်ပေါက်လာခဲ့ရင် လက်နက်ကိုင် ဖြေရှင်းခဲ့တဲ့ အခြေအနေကနေ စားပွဲဝိုင်းမှာ ညှိနှိုင်း ဖြေရှင်းနိုင်အောင် စတင်လိုက်တဲ့ နိဒါန်းအစဖြစ်တဲ့ NCA ကို လက်မှတ်ထိုးကြဖို့ တိုက်တွန်း ပြောသွားခဲ့ပါတယ်။

ဒါ့အပြင် နောက်တဆင့် လုပ်ရမှာက အပစ်အခတ် ရပ်စဲရေး စာချုပ်ထဲ ကျန်တဲ့ လက်နက်ကိုင် အဖွဲ့တွေ ပါ၀င်လာကြဖို့ ဖြစ်တယ်လို့ ပြောပါတယ်။

ဓာတ်ပုံ ပုံစာ,

သမ္မတ ဦးထင်ကျော် လက်မှတ်ထိုးစဉ်

လက်မှတ်ရေးထိုးပွဲ အခမ်းအနား တက်ရောက်လာတဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကလည်း NCA လက်မှတ် ထိုးပြီးတဲ့ အခါမှာလည်း လက်နက်ကိုင် ပဋိပက္ခတွေ ထပ်မံ ဖြစ်ပွားစရာ အကြောင်း မရှိကြောင်းနဲ့ မတော်တဆ ဖြစ်လာရင်လည်း ဖြေရှင်းရမယ့် နည်းလမ်း အချက်အလက်တွေကို NCA မှာ ပြဋ္ဌာန်းထား တယ်လို့ ပြောသွားခဲ့ပါတယ်။

NCA စာချုပ်မှာ လက်မှတ် ရေးထိုးလိုက်တဲ့ မွန်ပြည်သစ် ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန် ကတော့ NCA ဟာ ပန်းတိုင် မဟုတ်ဘဲ နိုင်ငံရေး ပြဿနာကို အဖြေရှာမယ့် လမ်းကြောင်း တခုပဲ ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ အစိုးရ လက်ထက်က တိုင်းရင်းသား လက်နက်ကိုင် ၈ဖွဲ့ အနေနဲ့ NCA စာချုပ်မှာ လက်မှတ် ရေးထိုးခဲ့ပြီး နိုင်ငံရေး ဆွေးနွေးပွဲ အတွက် ၂၁ရာစု ပင်လုံ ညီလာခံကို ကျင်းပခဲ့ပါတယ်။

ဓာတ်ပုံ ပုံစာ,

အပစ်အခတ် ရပ်စဲရေး စာချုပ်ထဲ ကျန်တဲ့ လက်နက်ကိုင် အဖွဲ့တွေ ပါ၀င်လာကြဖို့လို

ဒါပေမယ့် အခု အစိုးရသစ် လက်ထက်မှာတော့ နိုင်ငံရေး ဆွေးနွေးပွဲ တွေဟာ ရှေ့မတိုး နိုင်သေးဘဲ ဆက်လက် ညှိနှိုင်းနေရဆဲ ဖြစ်ပါတယ်။