လျှို့ဝှက်ချက် ဥပဒေနဲ့ စွဲတဲ့ ရိုက်တာ သတင်းထောက်တွေကို ရုံးထုတ်

ဓာတ်ပုံ မူပိုင် Reuters
Image caption ရိုက်တာ သတင်းထောက်တွေ ထိန်းသိမ်း ခံထားရတာ ၂လကြာ ရှိသွားပြီ။

နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃ နဲ့ ဖမ်းဆီး အရေးယူ ခံထားရတဲ့ ရိုက်တာ သတင်းထောက် နှစ်ဦးကို မြောက်ပိုင်းခရိုင် တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။

သူတို့ သတင်း လိုက်ခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း အင်းဒင်ရွာက လူ ၁၀ဦး အသတ်ခံရမှု အကြောင်း အသေးစိတ် အချက်အလက်တွေကို ရိုက်တာ သတင်းဌာနက သတင်း ထုတ်ခဲ့အပြီး ပထမဆုံး ရုံးထုတ်လည်း ဖြစ်ပါတယ်။

အခု တရားခွင်မှာ သတင်းထောက် နှစ်ဦးကို ထောက်ကြံ့နားမှာ ဖမ်းခဲ့စဉ် ပါခဲ့တဲ့ ဒုရဲအုပ် တစ်ဦးကို ၄ယောက်မြောက် တရားလိုပြ သက်သေ အဖြစ် စစ်ဆေး ကြားနာခဲ့ပါတယ်။

တရားလိုပြ သက်သေ ဒုရဲအုပ်ကို မေးခွန်းတွေ မေးခဲ့ရာမှာ ရဲလုပ်ထုံး လုပ်နည်းနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို သူမသိဘူး ဆိုပြီး ဝန်ခံ ပြောသွားတယ်လို့ သတင်းထောက်တွေရဲ့ အမှုလိုက် ရှေ့နေတဦးဖြစ်တဲ့ ဦးခင်မောင်ဇော်က ပြောပါတယ်။

တရားခွင် အပြီးမှာတော့ အဖမ်းခံထားရတဲ့ သတင်းထောက် (၂)ဦးက ဒီကနေ့ တရားရုံးမှာ စစ်ချက်ထွက်ခဲ့တဲ့ တရားလိုပြ သက်သေဟာ သူတို့ကို ဖမ်းဆီးခဲ့တဲ့ အထဲမှာ မပါဘူးဆိုပြီး အော်ဟစ် ပြောခဲ့ပါတယ်။

သူတို့တွေကို ရခိုင်ပြည်နယ်မြောက်ပိုင်းက ဖြစ်စဉ်တွေနဲ့ ပတ်သက်တဲ့ လျှို့ဝှက် စာရွက်စာတမ်းတွေ လက်ဝယ် တွေ့ခဲ့အပြီး အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ၃နဲ့ မြောက်ပိုင်းခရိုင် ဒုတိယ ရဲမှူးကြီးကနေ တရားလိုလုပ် တရားစွဲတင် ထားတာ ဖြစ်ပါတယ်။

အင်းဒင်ရွာ ဖြစ်ရပ် အသေးစိတ် ရိုက်တာ ထုတ်ပြန်

ရိုက်တာ သတင်းထောက်တွေကို လျှို့ဝှက်အက်နဲ့ တရားစွဲ

လောလောဆယ်မှာ ရိုက်တာ သတင်းထောက်တွေ ထိန်းသိမ်း ခံထားရတာ ၂ လ ကျော် ကြာနေပြီ ဖြစ်ပြီး သတင်းထောက် ကိုဝလုံး ကတော့ အကျဉ်းထောင် အတွင်း နေထိုင်ရေးကြောင့် ခါးနာပြီး အူကျရောဂါ ခံစားနေရတယ်လို့ ကိုဝလုံးရဲ့ ဇနီး မပန်းအိမွန်က ပြောပါတယ်။

ရိုက်တာ သတင်းထောက်တွေကို နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ အခုလို တရားစွဲဆို ဖမ်းဆီးလိုက်တဲ့အတွက် သတင်း လောကက သတင်း ရေးသားမှုတွေ အပေါ် အတော်လေး ရိုက်ခတ်မှုတွေ ရှိလာနိုင်တယ်လို့ မြန်မာ သတင်းမီဒီယာ ကောင်စီ အဖွဲ့ဝင် ဦးမြင့်ကျော်က ဘီဘီစီကို ပြောပါတယ်။

အစိုးရ ဒါမှမဟုတ် တပ်မတော်နဲ့ ပတ်သက်လာရင် ဘယ်အချက်အလက်က နိုင်ငံတော် လျှို့ဝှက်ချက် ဖြစ်သလဲ ဆိုတာကို တော်တော်လေး ဆုံးဖြတ်ရခက်သွားတဲ့ အနေအထားမျိုး ဖြစ်သွားတယ်လို့ သူက ပြောပါတယ်။

ဥပမာ ရပ်ကွက်အဆင့် ဖြစ်စေ၊ မြို့နယ်အဆင့် ဖြစ်စေ၊ ခရိုင်အဆင့် ဖြစ်စေ အဲဒီက စာရွက်စာတမ်း တစုံတရာ ပေါက်ကြားလာခဲ့ရင်၊ အဲဒီ စာရွက်စာတမ်းကလည်း အများပြည်သူ သိသင့်တဲ့ ကိစ္စမျိုး ဆိုရင်တောင် သတင်းသမားတွေ အနေနဲ့ အဲဒီ စာရွက်စာတမ်းတွေကို လက်ခံဖို့၊ ထုတ်ဖော် ရေးသားဖို့ တော်တော်လေး တွန့်ဆုတ်သွားကြမယ့်ပုံ ရှိနေတယ်လို့ မြန်မာ သတင်းမီဒီယာ ကောင်စီ အဖွဲ့ဝင် ဦးမြင့်ကျော်က ပြောပါတယ်။