ပုဂံက နံရံဆေးရေး ပန်းချီတွေ ထိန်းသိမ်းရေး အမေရိကန် ကူညီမယ်

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption အာဏာပိုင်တွေက အာနန္ဒာဘုရားကြီးရဲ့ နံရံဆေးရေး ပန်းချီတွေပေါ် ထုံးသုတ်ခဲ့

ပုဂံမှာရှိတဲ့ စေတီပုထိုးတွေပေါ်က နံရံဆေးရေး ပန်းချီတွေကို ပြုပြင် ထိန်းသိမ်းရာမှာ ကူညီ ဆောင်ရွက်ဖို့ အမေရိကန် အခြေစိုက် Getty Conservation Institution (GCI) အဖွဲ့ မြန်မာနိုင်ငံမှာ ရောက်နေပါတယ်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ရှေးဟောင်း သုတေသနနဲ့ အမျိုးသား ပြတိုက် ဦးစီးဌာနက တာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ အတူ ပုဂံမှာ ကနဦး လေ့လာ ဆန်းစစ်မှုတွေ စတင် ပြုလုပ်မှာပါ။

ဘယ်ဘုရားတွေက နံရံဆေးရေး ပန်းချီတွေ ပျက်စီးတယ် ဆိုတာ ကြည့်ရှုပြီးရင် ပြုပြင် ထိန်းသိမ်းလို့ ရနိုင်တာတွေကို ထိန်းသိမ်း ဆောင်ရွက်မှာ ဖြစ်တယ်လို့ ရှေးဟောင်း သုတေသနနဲ့ အမျိုးသား ပြတိုက် ဦးစီးဌာန ပုဂံ ဌာနခွဲ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ဘီဘီစီကို ပြောပါတယ်။

ပုဂံမှာ နံရံဆေးရေး ပန်းချီရှိတဲ့ ဘုရားပေါင်း ၄၀၀ ကျော် ရှိတယ်လို့ သူက ဆိုပါတယ်။

ထင်ရှားတဲ့ အာနန္ဒာ ဘုရားကြီးမှာ နံရံဆေး ပန်းချီတွေပေါ်မှာ အာဏာပိုင်တွေက ထုံးတွေ သုတ်ခဲ့လို့ အိန္ဒိယက ပညာရှင် တွေရဲ့ အကူအညီနဲ့ ထုံးတွေ ပြန်ဖယ်ရှားခဲ့ရဖူးပါတယ်။

တချို့ဘုရားတွေမှာလည်း တချို့က မသိနားမလည်လို့ ရေးခြစ်တာတွေကြောင့် နံရံဆေးရေး ပန်းချီတွေ ပျက်စီးရသလို ဘုရားတွေမှာ ဆီမီးနဲ့ ရေချမ်း ကပ်လှူတာတွေကြောင့်လည်း ပျက်စီးရတယ်လို့ ဦးအောင်အောင်ကျော်က ပြောပါတယ်။

ဒီလို မဖြစ်ရအောင် ယဉ်ကျေးမှု အမွေအနှစ် တွေ မပျက်စီးအောင် ဝိုင်းဝန်း ထိန်းသိမ်း စောင့်ရှောက်ကြဖို့ ဆောင်ရွက်မှုတွေကတော့ ရှိနေပြီး အသိပညာပေး လုပ်ငန်းတွေကိုလည်း ဒေသခံတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ ပူးပေါင်း ဆောင်ရွက် နေတယ်လို့ သူက ပြောပါတယ်။

လောလောဆယ်မှာ ပုဂံဒေသကို ကမ္ဘာ့ အမွေအနှစ် ဒေသအဖြစ် စာရင်းဝင်ဖို့ လျှောက်ထားပြီး ဖြစ်ပါတယ်။

၂၀၁၉ ဇွန်လဝန်းကျင်မှာ ကျင်းပမယ့် UNESCO ကုလသမဂ္ဂ ပညာရေး သိပ္ပနဲ့ ယဉ်ကျေးမှု အဖွဲ့ အစည်းအဝေးမှာ ပုဂံဒေသ ကမ္ဘာ့ အမွေအနှစ် စာရင်း ဝင်မဝင် ဆုံးဖြတ်မှာဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ