NCAမှာ ရခိုင်အမျိုးသား ကောင်စီ ပါဖို့ အခွင့်အလမ်း နည်းသွားပြီ

ဓာတ်ပုံ မူပိုင် EPA
Image caption ပြီးခဲ့တဲ့ ဇန္နဝါရီလ ၁၃ရက်နေ့က မွန်ပြည်သစ်ပါတီနဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံးတို့ NCAမှာ လက်မှတ်ထိုး

UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီဝင် အဖွဲ့ တဖွဲ့ ဖြစ်တဲ့ ANC ရခိုင် အမျိုးသား ကောင်စီဟာ နောက်တခါ NCA လက်မှတ် ရေးထိုးနိုင်ဖို့ အခွင့်အလမ်းတွေ နည်းပါးသွားပြီလို့ အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁၃ရက်နေ့က မွန်ပြည်သစ်ပါတီနဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံးတို့ NCA တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မှာ လက်မှတ် ထိုးစဉ်တုန်းက ရခိုင်အမျိုးသား ကောင်စီက အတူ ပါဝင် လက်မှတ်ထိုးဖို့ လုပ်ခဲ့ပြီးမှ နောက်ဆုတ်သွားခဲ့ပါတယ်။

မွန်ပြည်သစ်နဲ့ လားဟူ အပစ်ရပ်လက်မှတ်ထိုး

NCA မှာ ပါဖို့ နောက်ဆုံးအချိန်အထိ ညှိနှိုင်းမှုတွေ လုပ်ခဲ့ပေမယ့် ရခိုင်အမျိုးသား ကောင်စီက လိုက်ပါနိုင်ခြင်း မရှိတဲ့အတွက် အခွင့်အလမ်း ပိုခက်ခဲသွားပြီလို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

တိုင်းရင်းသားအရေး လေ့လာသူ တချို့ကတော့ ရခိုင်အမျိုးသား ကောင်စီဟာ အဖွဲ့ သေးတဲ့ အပြင် နယ်မြေနဲ့ တပ်အင်အား အတိတကျ မရှိတဲ့အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ခွဲခြား ဆက်ဆံတာ ခံနေရတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေနဲ့ ရှုပ်ထွေးနေတဲ့ အတွက် ရခိုင် အမျိုးသား ကောင်စီကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခု အဖြစ် လက်ခံလိုက်ရင် ပိုရှုပ်ထွေးသွား နိုင်ကြောင်း တပ်မတော်က ပြောတယ်လို့ ANC အထွေထွေ အတွင်းရေးမှူး ဦးထွန်းဇော် က ပြောပါတယ်။

ကြိုတင် သတ်မှတ်ချက်အရ ANC အနေနဲ့ တန်းတူ ရည်တူ ပါဝင်ခွင့် မရတဲ့အတွက် ဒီဖြစ်စဉ်မှာ ပါဝင်ဖို့ အခက်အခဲ ရှိကြောင်း၊ ဒါကို ပြင်ဆင်ပေးဖို့ ညှိတဲ့အခါ အစိုးရဘက်က ပေးတဲ့ သတ်မှတ်ချက်ကို သူတို့အနေနဲ့ လက်ခံနိုင်ကြောင်း၊ ဒါပေမယ့် အစိုးရရဲ့ သတ်မှတ်ချက်ကို တပ်မတော်နဲ့ ညှိတဲ့အခါမှာတော့ လက်ခံနိုင်လောက်တဲ့ အဖြေ မရခဲ့ကြောင်း ဦးထွန်းဇော်က ပြောပါတယ်။

ညှိနှိုင်းခဲ့တဲ့ တလျှောက်လုံးမှာ အစိုးရနဲ့ တပ်မတော်အကြား ရပ်တည်ချက် မတူဘူး ဆိုတာ တွေ့ရကြောင်း၊ ဒါပေမယ့် ထွက်လာတဲ့ ရလဒ်ကို အစိုးရက ဘာမှ မပြောတဲ့အတွက် ဒါဟာ NLD အစိုးရရဲ့ သဘောထားလို့ မှတ်ယူရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလောလောဆယ် NCA လက်မှတ်ထိုးတဲ့အဖွဲ့ ၁၀ဖွဲ့ ရှိလာနေပြီ ဖြစ်ပေမယ့် လက်နက် အင်အား၊ လူအင်အား တောင့်တင်း တဲ့ မြောက်ပိုင်း အခြေစိုက် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေကတော့ NCA လက်မှတ် မထိုးကြသေးပါဘူး။

အခုလို လက်နက်ကိုင် အဖွဲ့ အားလုံး လက်မှတ် မထိုးနိုင် သေးတဲ့အတွက် အားလုံး သဘောတူ လက်ခံနိုင်မယ့် စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရာမှာ အခက်အခဲ အများကြီး ရှိနေတယ်လို့ တိုင်းရင်းသား အရေး လေ့လာ သုံးသပ်သူတွေက ပြောပါတယ်။