7Day သတင်းကို မီဒီယာ ကောင်စီမှာ ရဲက တိုင်ကြား

ဓာတ်ပုံ မူပိုင် Reuters
Image caption ၂၀၁၇ ဒီဇင်ဘာလ ၁၂ ရက်က ရဲတပ်ဖွဲ့ဝင် ၂ ဦးနဲ့ တွေ့ဆုံပြီးနောက် သတင်းထောက်တွေ ဖမ်းဆီးခံရ

ရိုက်တာ သတင်းထောက်နှစ်ယောက်အမှုနဲ့ ပတ်သက်ပြီး မြောက်ပိုင်းခရိုင် တရားရုံးမှာ တရားလို ဒုတိယ ရဲမှူးကြီး ယုနိုင်ရဲ့ ထွက်ဆိုချက်တွေကို ဆဲဗင်းဒေး သတင်းစာက ဖော်ပြရာမှာ သူ ထွက်ဆိုတဲ့အတိုင်း မဖော်ပြလို့ ဆိုပြီး အရေးယူပေးဖို့ ရဲမှူးကြီး ယုနိုင်က မြန်မာ သတင်းမီဒီယာ ကောင်စီကို တိုင်ကြား ခဲ့ပါတယ်။

ရိုက်တာ သတင်းထောက် နှစ်ယောက်ကို ဖမ်းဆီး တရားစွဲဆိုဖို့ ခေတ္တ သမ္မတ အဖြစ် တာဝန် ထမ်းဆောင်နေတဲ့ ဒုသမ္မတ ဦးမြင့်ဆွေရဲ့ ခွင့်ပြုချက်နဲ့ တရားစွဲဆိုတာလို့ ဆဲဗင်းဒေးက ရေးသားတာကို မမှန်ကန်ဘူးလို့ စွပ်စွဲပြီး သူက တိုင်ကြား ခဲ့တာဖြစ်ပါတယ်။

7Day အယ်ဒီတာချုပ် ကိုအားမာန် ကတော့ ရဲမှူးကြီး ယုနိုင်ရဲ့ ထွက်ဆိုချက်တွေနဲ့ ပတ်သက်လို့ ဇန်နဝါရီ ၂၄ ရက်ထုတ် 7Day ဂျာနယ်မှာ အချပ်ပို အဖြစ် ဖော်ပြခဲ့တာတွေမှာ လွဲမှားတာ မရှိဘူးလို့ ဘီဘီစီကို ပြောပါတယ်။

ဒုတိယ သမ္မတ ဦးမြင့်ဆွေရဲ့ ခွင့်ပြုချက်နဲ့ တရားစွဲခဲ့တယ် ဆိုတာကို သဘောမကျတာ ဖြစ်နိုင်တယ်လို့ ကိုအားမာန်က သုံးသပ်ပါတယ်။

နိုင်ငံတော် လျှို့ဝှက်ချက်များဥပဒေနဲ့ တရားစွဲမှုရဲ့ သဘောသဘာဝအရ သမ္မတတစ်ဦးက လက်မှတ်ထိုးဖို့ လိုအပ်လို့ အဲဒီအချိန်က ခေတ္တ သမ္မတ တာဝန်ယူထားတဲ့ ဦးမြင့်ဆွေက လက်မှတ်ထိုးရတာ ဆိုတဲ့ လုပ်ငန်းစဉ်ကို 7Day က မဖော်ပြဘဲ လက်မှတ်ထိုးသူကို ဦးတည် ရေးသား ဖော်ပြတာဟာ လူပုဂ္ဂိုလ်တစ်ဦးနဲ့ အဖွဲ့အစည်းကို ဂုဏ်သိက္ခာ ကျဆင်းစေတယ်၊ အထင်အမြင်လွဲစေတယ်ဆိုပြီး တိုင်ကြားစာမှာ ဖော်ပြထားကြောင်း သူက ပြောပါတယ်။

တရားခွင်မှာ လျှောက်ထားတဲ့ စကားအသုံးအနှုန်းတွေ အတိုင်းမဟုတ်ဘဲ စာဖတ်သူ နားလည်နိုင်မယ့် အသုံးအနှုန်းတွေနဲ့ ရေးသားဖော်ပြခဲ့တာသာ ဖြစ်ပြီး အဓိပ္ပါယ် ပြောင်းလဲသွားတာ မရှိဘူးလို့ ကိုအားမာန်က ဆိုပါတယ်။

အခုကိစ္စမှာ ပုဒ်မတပ် တရားစွဲတာ မလုပ်ဘဲ သတင်းမီဒီယာ ဆိုင်ရာ ဥပဒေအရ အရေးယူဖို့ တိုင်တန်း တာက ကောင်းမွန်တဲ့အကြောင်း သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးသီဟစောက ပြောပါတယ်။

အခုလို စွပ်စွဲ တိုင်ကြားမှု ဖြစ်လာတဲ့အခါ သတင်းမီဒီယာကောင်စီရဲ့ တိုင်ကြားမှုများ ဆိုင်ရာ ကော်မတီရဲ့ အဆင့်ဆင့် မေးမြန်း စစ်ဆေးတာတွေကို ခံယူပြီး လိုအပ်ရင် နှစ်ဘက် တွေ့ဆုံ ညှိနှိုင်းပြီး ဖြေရှင်း ဆောင်ရွက်ပေးမှာ ဖြစ်ပြီး လောလောဆယ် ဒီကိစ္စ အတွက် တစုံတရာ စတင် ဆောင်ရွက်တာ မရှိသေးဘူးလို့လည်း သူက ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ