ကုလားတန်မြစ်ဘေး စီမံကိန်းက မြေယာရောင်းချမှုကို တားမြစ်

ကိုရီးယား
ဓာတ်ပုံ ပုံစာ,

BXT မြေယာစီမံကိန်းမှ မြေကွက်ရောင်းချမှု ဆိုင်းဘုတ်

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကိုရီးယား ကုမ္ပဏီ BXT International နဲ့ ရခိုင်ပြည်နယ် အစိုးရတို့ ပူးပေါင်းပြီး ကုလားတန်မြစ်ကမ်းဘေးမှာ မြေယာစီမံကိန်း ဖော်ထုတ်လျက် ရှိပါတယ်။

အခု အခါ ကိုရီးယား ကုမ္ပဏီကနေ မြေတွေကို ရောင်းချနေရာမှာ ကျပ်ဘီလီယံနဲ့ ချီရရှိနေပြီး အဲဒီလို ရောင်းချနေမှုကို ရခိုင်ပြည်နယ် အစိုးရက စာထုတ်ပြီး တားမြစ်လိုက်ပါတယ်။

ဒီ စီမံကိန်းက စစ်တွေမြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြိုရဲ့ အချက်အချာကျတဲ့ ကုလားတန်မြစ်ကမ်ဘေးကို မြေဖို့ပြီး မြေဧက အကျယ် ၉၀ ကို ဖော်ထုတ်တဲ့ စီမံကိန်း ဖြစ်ပါတယ်။

ဒီ စီမံကိန်းဟာ ကုန်တိုက်ကြီးတွေ၊ ဟိုတယ်တွေ၊ပန်းခြံတွေ၊ ကလေးကစားကွင်းတွေ၊ ရုပ်ရှင်ရုံတွေ တည်ဆောက်သွားမယ့် စီမံကိန်းကြီး တစ်ခု ဖြစ်ပါတယ်။

BXT ကုမ္ပဏီနဲ့ လုပ်ငန်းစဖို့ အရင်အစိုးရ လက်ထက်တုန်းက MOU MOA ထိုးခဲ့ကြကြောင်း ၊ MIC ကိုတင်တဲ့ ခွင့်ပြုမိန့်အရ BXT အနေနဲ့ စီမံကိန်း မြေယာတွေကို ၁၀၀ ရာခိုင်နှုန်း ပြီးအောင် ဖော်ရမှာ ဖြစ်ကြောင်း ၊ ပြီးမှ ပြည်နယ် အစိုးရက ဖွဲ့စည်းထားတဲ့ မြေယာ ကော်မတီကို လွှဲရမှာ ဖြစ်ကြောင်းနဲ့ လွှဲပြီးမှာသာ ရောင်းချမှုတွေ လုပ်ရမယ်လို့ သဘောတူထားတာ ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဘဏ္ဍာရေး၊ အခွန်နဲ့ စီမံကိန်းဝန်ကြီး ဦးကျော်အေးသိန်းက ပြောပါတယ်။

BXT International ကုမ္ပဏီက စီမံကိန်း မပြီးခင် ရောင်းနေတဲ့ အတွက် ရခိုင်ပြည်နယ် အစိုးရ အနေနဲ့ တားမြစ်ရတာပါလို့ ဝန်ကြီး ဦးကျော်အေးသိန်းက ဆို ပါတယ်။

လက်ရှိ မြေယာ၀ယ်ထားမှုတွေ ကို ဒီအတိုင်း ထားရှိမှာ ဖြစ်ပြီး ပြန်အမ်းတာ ၊ ပြန်သိမ်းတာတို့ လုပ်မှာ မဟုတ်ဘဲ မြေယာဖော်ထုတ်မှု အားလုံးပြီးမှသာ ဆက်လက် ရောင်းချမှုတွေ လုပ်ခွင့်ပြုမှာ ဖြစ်တယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

ကိုရီးယားကုမ္ပဏီကနေ မြေတွေကို ခန့်မှန်းတန်ဖိုး ကျပ် ၇ ဘီလီယံဖိုးလောက် ရောင်းပြီးပြီလို့ သိရပါတယ်။

အခုလို ရခိုင်ပြည်နယ် အစိုးရကနေ မြေကွက်တွေ ရောင်းချနေတာကို တားမြစ်လိုက်တဲ့ အတွက် မြေကွက်ဝယ်ယူထားသူတွေ အကြားမှာတော့ အထူးစိုးရိမ်မှုတွေ ဖြစ်နေကြပါတယ်။