Oxfamအဖွဲ့ လိင်ပိုင်းမတော်တလျော်ပြုမှု စုံစမ်းမယ်

ဓာတ်ပုံ မူပိုင် Reuters
Image caption Oxfam ဝန်ထမ်းတွေကို တခြား ပရဟိတ အဖွဲ့တွေမှာ အလုပ် ပြောင်းမလုပ်နိုင်အောင် ကိုယ်ရေး အချက်အလက်တွေကို ကမ္ဘာတဝန်းကို ဖြန့်ဝေထားမယ်

UK အခြေစိုက် Oxfam နိုင်ငံတကာ ပရဟိတ အဖွဲ့တွင်းမှာ ဝန်ထမ်းတွေရဲ့ လိင်ပိုင်းဆိုင်ရာ မတော်တလျော် ပြုမှုတွေ ရှိနေတယ် ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ သီးခြား စုံစမ်းစစ်ဆေးရေး အဖွဲ့တဖွဲ့ ဖွဲ့စည်းမယ်လို့ Oxfam အဖွဲ့ အကြီးအကဲက ပြောကြားလိုက်ပါတယ်။

၂၀၁၀ခုနှစ်က ဟေတီနိုင်ငံမှာ လူ၂သိန်းလောက် သေဆုံးခဲ့ရတဲ့ ငလျင်ကြီးအပြီး ပရဟိတ လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ဝန်ထမ်းတွေက လုပ်ငန်းရံပုံငွေတွေနဲ့ ပြည့်တန်ဆာတွေ ငှားရမ်း ပျော်ပါးခဲ့တယ် ဆိုတဲ့ သတင်းတွေ အခုလ အစောပိုင်းတုန်းက ပေါ်ထွက်လာခဲ့ပါတယ်။

ဒါ့အပြင် ဟေတီနဲ့ ချာ့တ်နိုင်ငံတွေမှာ အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်တွေကို Oxfam အဖွဲ့ ဝန်ထမ်းတွေက သွေးဆောင်ဖြားယောင်းပြီး လိင်ဆက်ဆံခဲ့ကြတယ်လို့လည်း စွပ်စွဲ ဖေါ်ပြထားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
လိင်ကိစ္စ စွပ်စွဲမှုတွေ အောက်စဖမ်း စစ်ဆေးမယ်

တခါ ဟေတီမှာပဲ လိင်ပိုင်းဆိုင်ရာ မတော်မလျော် လုပ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ အလုပ်က ထုတ်ခံထားရတဲ့ ဝန်ထမ်းတဦးကို Oxfam က အဲဒီနှစ်နှောင်းပိုင်းမှာ အလုပ်ပြန်ခန့်ခဲ့တယ် ဆိုတဲ့ အကြောင်း ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ထွက်ပေါ်လာပြန်ပါတယ်။

Oxfam အဖွဲ့အတွင်း ဒီလိုကိစ္စတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတယ် ဆိုတာကို အဖွဲ့ ထိပ်ပိုင်းအကြီးအကဲတွေက အစောပိုင်းကတည်းက သိခဲ့ကြပေမယ့် ဒီကိစ္စအပေါ် ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းတာမျိုး မရှိခဲ့ပါဘူး။

Oxfam အဖွဲ့ ရဲ့ ထိပ်တန်း အမှုဆောင် အကြီးအကဲ Winnie Byanyima က လိင်မှု ဆိုင်ရာ ကျူးလွန်ခံရသူ ဘယ်သူမဆို ထုတ်ဖော်တိုင်တန်းကြဖို့ နဲ့ တရားမျှတမှု ဖြစ်အောင် လုပ်ပေးပါ့မယ်လို့ ဘီဘီစီနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောသွားပါတယ်။

လောလောဆယ် Oxfam အဖွဲ့တွင်းမှာ လိင်မှု ကျူးလွန်သူတွေ ရှိမရှိ ဆိုတာကို သူအာမ မခံနိုင်ဘူးလို့ ဆိုပါတယ်။

ဒါပေမယ့်လည်း ဒီလိုအမူအကျင့်မျိုးကို လက်သင့်မခံဘူး ဆိုတဲ့ အလေ့အထသစ်တခုကို Oxfam အဖွဲ့အနေနဲ့ ကျင့်သုံးသွားမယ်လို့တော့ ကတိပြု ပြောသွားပါတယ်။

ဒါ့အပြင် လိင်မှုကျူးလွန်တဲ့ Oxfam ဝန်ထမ်းတွေကို တခြား ပရဟိတ အဖွဲ့တွေမှာ အလုပ် ပြောင်းမလုပ်နိုင်အောင် သူတို့ရဲ့ ကိုယ်ရေး အချက်အလက်တွေကို ကမ္ဘာတဝန်းကို ဖြန့်ဝေထားမယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ၂၀၁၀ခုနှစ်က ဟေတီနိုင်ငံ ငလျင်ကြီးအပြီးမှာ ဝန်ထမ်းတွေက လုပ်ငန်းရံပုံငွေတွေနဲ့ ပြည့်တန်ဆာတွေ ငှားရမ်း ပျော်ပါးခဲ့လို့ သတင်းထွက်

ပရဟိတ အဖွဲ့အစည်းတွေမှာ လိင်ပိုင်း မတော်တလျော် လုပ်မှုနဲ့ ပတ်သက်ပြီး လုံးဝ လက်မခံတဲ့ စည်းကမ်း ထားသင့်တယ်လို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဂူတဲရက်စ်က ဘီဘီစီကို ပြောပါတယ်။

လိင်ပိုင်း စော်ကားမှုဟာ ကမ္ဘာ့ ပြဿနာ တခုဖြစ်ပြီး ဒီကိစ္စက ဖွံ့ဖြိုးရေး လုပ်သားတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတယ်လို့လည်း သူက ပြောပါတယ်။

အခုလို လိင်ပိုင်း မတော်တလျော်လုပ်တယ်ဆိုပြီး Oxfam အဖွဲ့ စွပ်စွဲခံရဟာ အရေးတယူ လုပ်ရမယ့် ကိစ္စ ဖြစ်ပေမယ့် Oxfam ဟာ စိတ်ချရတဲ့ အဖွဲ့အစည်းဖြစ်တယ်လို့ မစ္စတာ ဂူတဲရက်စ်က ကာကွယ် ပြောဆိုခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption Oxfam ပရဟိတအဖွဲ့ရဲ့ သံတမန်အဖြစ် တာဝန်ယူထားကြတဲ့ နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် ဘုန်းတော်ကြီး Desmond Tu Tu လည်း နုတ်ထွက်

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ သီတင်းပတ်က အဲဒီကိစ္စတွေ ဗူးပေါ်သလို ပေါ်လာခဲ့အပြီး ဗြိတိန်အစိုးရက Oxfam ကို ထောက်ပံ့နေတဲ့ ရံပုံငွေတွေ ဖြတ်ပစ်မယ် ဆိုပြီး ခြိမ်းခြောက် ပြောဆိုခဲ့သလို Oxfam ပရဟိတအဖွဲ့ရဲ့ သံတမန်အဖြစ် တာဝန်ယူထားကြတဲ့ နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် ဘုန်းတော်ကြီး Desmond Tu Tu ၊ ရုပ်ရှင်မင်းသမီး Minnie Driver တို့လို နာမည်ကြီးပုဂ္ဂိုလ် အတော်များများကလည်း သူတို့ရဲ့ တာဝန်တွေကနေ နုတ်ထွက်သွားကြပြီ ဖြစ်ပါတယ်။

အခု ဒီအရှုပ်တော်ပုံကြီးကြောင့် ကမ္ဘာတဝန်း နိုင်ငံပေါင်း ၉၀ကျော်မှာ ဝန်ထမ်း တသောင်းလောက်လည်း Oxfamအဖွဲ့ထဲကနေ နုတ်ထွက်သွားပြီ ဖြစ်ပါတယ်။

Oxfam ဟာ ယခင်ကလည်း အထက်ပိုင်း ရာထူးရထားသူတွေ လစာ မတန်တဆ ယူထားတယ်ဆိုပြီး ဝေဖန်ခံခဲ့ရဖူးပါတယ်။