ဘာအကြောင်းနဲ့မှ အမျိုးသမီးတွေကို မုဒိမ်းမှု မကျူးလွန်ရ

သက်ငယ်မုဒိမ်းမှု အပါအဝင် အမျိုးသမီးတွေအပေါ် ကျူးလွန်မှု အမြားအပြား ရှိနေ
ဓာတ်ပုံ ပုံစာ,

သက်ငယ်မုဒိမ်းမှု အပါအဝင် အမျိုးသမီးတွေအပေါ် ကျူးလွန်မှု အမြားအပြား ရှိနေ

သက်ငယ် မုဒိမ်းဖြစ်ရတဲ့ အကြောင်းတွေနဲ့ ၁၆ နှစ်အထက် မိန်းကလေးတွေ အပေါ် မုဒိမ်းမှု ဖြစ်ရတဲ့ အကြောင်းတွေ ဆိုပြီး ပြည်ထဲရေး ဝန်ကြီးဌာနက ဖော်ပြထားရာမှာ အမျိုးသမီးတွေ အရက်သေစာ သောက်စားမှု၊ မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ ဝတ်စား ဆင်ယင်မှု အပါအဝင် တခြား အကြောင်းအရာ တွေကို ထည့်သွင်း ထားမှုအပေါ် ဝေဖန်ပြောဆိုမှုတွေ ရှိနေပါတယ်။

ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ အပေါ် ကျူးလွန်တဲ့ အဓမ္မ ပြုကျင့်မှု တွေ ဖြစ်ပွားမှု လျော့ပါးစေဖို့ ဆိုပြီး ၂၀၁၆၊ ၂၀၁၇ အတွင်း မုဒိမ်းမှု ဖြစ်ပွားခဲ့တဲ့ အခြေအနေ၊ ဖြစ်ပွားရတဲ့ အကြောင်းရင်းနဲ့ ရှောင်ကြဉ် ရမည့် အချက်တွေ ဆိုပြီး ပြည်ထဲရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၅ ရက်နေ့က ထုတ်ပြန်လိုက် တာဖြစ်ပါတယ်။

အဲဒီထဲမှာ ပါတဲ့ အချက်အလက်တွေက ကျုးလွန်သူတွေကို အပြစ်ဆိုတာထက် အမျိုးသမီးတွေရဲ့ နေထိုင် ဝတ်စားပုံကို အပြစ်ဖို့တာက များတယ်ဆိုပြီး ထောက်ပြ နေကြတာဖြစ် ပါတယ်။

အမျိုးသမီးတွေရဲ့ ကိုယ်ပိုင် အခွင့်အရေးဖြစ်တဲ့ သူတို့ နှစ်သက်သလို ဝတ်စား ဆင်ယင်မှုကို မုဒိမ်းမှု ဖြစ်ရတဲ့ အကြာင်း တစ်ခု အနေနဲ့ ထည့်ပြောတာဟာ ကျူးလွန်သူတွေဘက်က အကြောင်းပြချက် တွေကို ဖော်ပြသလို ဖြစ်နေတယ်လို့ အမျိုးသမီး၊ ကလေးနဲ့ သက်ကြီးရွယ်အို ဆိုင်ရာကိစ္စတွေကို ထည့်သွင်း ဆောင်ရွက်ရတဲ့ လွှတ်တော် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီ အဖွဲ့ဝင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်က ပြောပါတယ်။

တကယ်တမ်းမှာ အဝတ်အစားကြောင့် သာမက ဘာအကြောင်းပြချက်နဲ့မှ မိန်းကလေးတွေ အပေါ် မုဒိမ်းမှု ကျူးလွန်ခွင့် မရှိဘူးလို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ တရားရေး အဖွဲ့တို့ အနေနဲ့ အမျိုးသားဖြစ်မှု၊ အမျိုးသမီး ဖြစ်မှု ဆိုတာအပေါ် ဓလေ့ ထုံးတမ်းတွေအရ တွေးခေါ် လက်ခံထားတာတွေအပေါ် မူတည်ပြီး တရားမျှတမှု ရှာမယ် ဆိုရင် ဘယ်လို ဥပဒေမျိုး ပြဋ္ဌာန်းပါစေ ထိရောက်အောင် လုပ်ဆောင်နိုင်မှာ မဟုတ်ဘူးလို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။

အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မှု ကနေ အကာအကွယ်ပေးရေးဆိုင်ရာ ဥပဒေရေးဆွဲနေရာမှာ နောက်ဆုံးအဆင့် ရောက်နေပြီလို့ သူက ဆိုပါတယ်။