မြန်မာနဲ့ ဆက်ဆံရေး အီးယူ ပြန်သုံးသပ်မယ်

ဓာတ်ပုံ မူပိုင် MOI
Image caption အီးယူပါလီမန် အဖွဲ့နဲ့ ကာကွယ်ရေးဝန်ကြီး

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတဲ့အတွက် မြန်မာနဲ့ အီးယူ ဥရောပသမဂ္ဂကြား ဆက်ဆံရေးကို ပြန်လည် သုံးသပ်သွားမယ်လို့ ဥရောပ ပါလီမန်အဖွဲ့က ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံကို ၅ ရက် လာခဲ့တဲ့ ဥရောပပါလီမန် ကိုယ်စားလှယ်အဖွဲ့ဟာ ဖေဖော်ဝါရီလက ၁၆ ရက်နေ့က နေပြည်တော်မှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း အဲဒီလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ရိုဟင်ဂျာ တသန်းလောက်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အလွန်ဆိုးဝါးတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပြီး နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ကူညီထောက်ပံ့မှုတွေနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရက ကူညီစောင့်ရှောက်နေလို့သာ သူတို့ အသက်ဆက် ရှင်နေနိုင်တာ ဖြစ်တယ်လို့ ဥရောပ ပါလီမန်အဖွဲ့ဝင် တွေက သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောဆိုသွားခဲ့ပါတယ်။

သူတို့အဖွဲ့ဟာ ရိုဟင်ဂျာ ဒုက္ခသည်များရှိရာ ဘင်္ဂလားဒေ့ရှ် ကော့စ်ဘဇားကိုလည်း သွားရောက်ကြည့်ရူ့ခဲ့ပါတယ်။

သူတို့တွေရဲ့ လေ့လာမှုအရ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေဟာ ယိုယွင်းပျက်စီးနေပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် စုံစမ်းစစ်ဆေးတာတွေလုပ်ဖို့ ကိုလည်း တောင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို အချက်အလက် အမှန်နဲ့ သက်သေအထောက်အထားပြဖို့ လိုတယ်လို့ လည်း ကိုယ်စားလှယ်အဖွဲ့ ဉက္ကဋ္ဌ မစ္စတာ အန်တိုနီယို ပန်ဆေးရိစ် ပြောပါတယ်။

ဒါ့အပြင် မတူကွဲပြားတဲ့ လူနည်းစုတွေရဲ့ ယဉ်ကျေးမှုဆိုင်ရာ၊ လူမျိုးစုဆိုင်ရာနဲ့ ယုံကြည်ကိုးကွယ်မှုဆိုင်ရာ အုပ်စုတွေ၊ လူ့အခွင့်အရေး ကာကွယ်သူတွေ၊ သတင်းသမားတွေအပေါ်မှာလည်း ထိခိုက်သက်ရောက်မှုတွေ ရှိနေတယ် လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် HEIN HTET
Image caption မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ မူဝါဒတချို့ ချမှတ်သွားဖို့ ရှိ

အီးယူအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ မူဝါဒတချို့ ချမှတ်သွားဖို့ ရှိပေမယ့် ဒီမူဝါဒတွေဟာ မြန်မာနိုင်ငံသားတွေအပေါ် ထိခိုက်နစ်နာစေမှာ မဟုတ်ဘဲ လူ့အခွင့်အရေး ကျူးလွန်ခဲ့တဲ့ သူတွေ၊ အဖွဲ့အစည်းတွေကိုသာ ပစ်မှတ်ထား လုပ်ဆောင်သွားမယ် လို့လည်း မစ္စတာ ပန်ဆေးရိစ်က ဆိုပါတယ်။

နောက်ပြီး ရခိုင်ပြည်နယ်တွင်းကို လူသားချင်းဆိုင်ရာ အထောက်အပံတွေ လွတ်လွတ်လပ်လပ် ပေးပို့နိုင်ဖို့ အပါအဝင် ဒုက္ခသည်တွေ ပြန်လည်လက်ခံဖို့၊ ၁၉၈၂ နိုင်ငံသားဥပဒေကို ပြုပြင်မွမ်းမံဖို့နဲ့ ရခိုင်ပြည်နယ်အရေး စုံစမ်းဖော်ထုတ်ရေး ကော်မတီ ဖွဲ့စည်းပေးဖို့တို့ကိုလည်း တောင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်တွင်း လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာဖို့အတွက် ဥရောပလွှတ်တော်က လူ့အခွင့်အရေးဆိုင်ရာ ဆပ်ကော်မတီက ကိုယ်စားလှယ်အဖွဲ့အပြင် နိုင်ငံခြားရေးရာနဲ့ ကုန်သွယ်မှုဆိုင်ရာ လွှတ်တော် အမတ်တွေနဲ့ ဥရောပ လွှတ်တော်က အာဆီယံနိုင်ငံများနဲ့ ဆက်ဆံရေး ကော်မတီ အဖွဲ့တွေဟာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ကနေ ၁၆ ရက်နေ့အထိ ၅ ရက်တာ လာရောက်ခဲ့တာ ဖြစ်ပါတယ်။

သူတို့ရဲ့ ခရီးစဉ်တွေအတွင်း နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးကျော်တင့်ဆွေ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းအပါအဝင် ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။