ကချင် ၃ ပါတီပေါင်းပြီး ပါတီတခုထောင်

ဓာတ်ပုံ မူပိုင် KPCC
Image caption ကချင်ပြည်သူတွေရဲ့ တောင်းဆိုချက်ကြောင့် အခုလို ပေါင်းစည်းဖို့ ဆုံးဖြတ်

ကချင်အမျိုးသားကွန်ဂရက်ပါတီ KNC ၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ KSDP နဲ့ ကချင် ဒီမိုကရက်တစ်ပါတီ KDP တို့ ပူးပေါင်းပြီး ကချင် အမျိုးသား ကွန်ဂရက်ပါတီ KNCP အဖြစ် ဖွဲ့စည်းဖို့အတွက် မြစ်ကြီးနားမြို့ကျင်းပခဲ့တဲ့ ၃ ပါတီ အစည်းအဝေး အပြီးမှာ ဆုံးဖြတ်ခဲ့ပါတယ်။

ကချင်ပြည်သူတွေရဲ့ တောင်းဆိုချက်ကြောင့် အခုလို ပေါင်းစည်းဖို့ ဆုံးဖြတ်တာ ဖြစ်တယ်လို့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက ဘီဘီစီကို ပြောပါတယ်။

အဲဒီ သုံးပါတီက ၁၅ ဦးစီ ရွေးချယ်ဖွဲ့စည်းထားတဲ့ ဦးဆောင် ကော်မတီက ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ပါတီ အမှတ် တံဆိပ်နဲ့ အလံ တွေကို သတ်မှတ်ရေး ကိစ္စကို အတည်ပြုမှာ ဖြစ်ပါတယ်။

အခုလို အတည်ပြုပြီးရင်တော့ ၂၀၂၀ ရွေးကောက်ပွဲဝင်ဖို့အတွက် ဦးဆောင်ကော်မတီက ပါတီမှတ်ပုံတင်မှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် KNC Facebook
Image caption ဘုံမူဝါဒတွေဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို ဦးတည်ရေး၊ ဒီမိုကရေစီ ထွန်းကားရေးနဲ့ ဖွဲ့စည်းပုံ ဥပဒေ ပြင်ဆင်ရေး မူဝါဒ သတ်မှတ်

ပါတီမူဝါဒ အနေနဲ့ကတော့ ပေါင်းထားတဲ့ သုံးပါတီရဲ့ ဘုံမူဝါဒတွေဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို ဦးတည်ရေး၊ ဒီမိုကရေစီ ထွန်းကားရေးနဲ့ ဖွဲ့စည်းပုံ ဥပဒေ ပြင်ဆင်ရေးတို့ ဖြစ်တယ်လို့ ဒေါက်တာ တူးဂျာက ပြောပါတယ်။

ကချင်ပြည်နယ်အတွင်းမှာတော့ ဒေသတွင်း ဖွံ့ဖြိုးရေး၊ အမျိုးသား ရင်ကြားစေ့ရေး၊ ဥပဒေ စိုးမိုးရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် အမျိုးသမီးနဲ့ လူငယ်ရေးရာ မူဝါဒတွေ ချမှတ်မှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

လက်ရှိ နိုင်ငံရေး ပါတီကြီး ၂ ခု ဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီတို့နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ ကိစ္စကိုတော့ ဗဟို ကော်မတီနဲ့ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်တွေ ရွေးကောက် တင်မြှောက်ပြီးမှ ဆက်လက် ဆွေးနွေးမယ်လို့ ဒေါက်တာ တူးဂျာက ပြောပါတယ်။

အခုလို KNCP ပါတီအနေနဲ့ ပေါင်းစည်းနိုင်ဖို့အတွက် ကချင်နိုင်ငံရေးပါတီများ ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ KPCC အဖွဲ့က ဆောင်ရွက်ခဲ့တာဖြစ်ပြီး ကျန်နေသေးတဲ့ KPCC အဖွဲ့ဝင် ပါတီကတော့ လော်ဝေါ် အမျိုးသား စည်းလုံး ညီညွတ်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ LNUDP ဖြစ်ပါတယ်။