ရုပ်မြင်သံကြားလိုင်း အသစ် ၅ ခုအတွက် လက်မှတ်ရေးထိုး

ဓာတ်ပုံ မူပိုင် MOI
Image caption ရုပ်မြင်သံကြားလိုင်း အသစ် ၅ ခုအတွက် လက်မှတ်ရေးထိုး

အသစ်ထုတ်လုပ်ခွင့်ရထားတဲ့ ရုပ်သံမီဒီယာ ၅ ခုနဲ့ ပြန်ကြားရေး ဝန်ကြီးဌာနကြား သဘောတူစာချုပ်တစ်ရပ်ကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ရေးထိုးခဲ့ကြပါတယ်။

ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပေဒကို ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က ပြဋ္ဌာန်းပြီးသားဖြစ်ပေမယ့် နည်းဥပေဒ မပြဋ္ဌာန်းနိုင်သေးတဲ့အတွက် စမ်းသပ်အနေနဲ့ ရုပ်သံမီဒီယာတွေကို ခွင့်ပြုခဲ့လို့ ထိန်းထိန်းသိမ်းသိမ်းနဲ့ ညှိုညှိုနှိုင်းနှိုင်းဆောင်ရွက်ကြဖို့ ပြန်ကြားရေး ဝန်ကြီး ဦးဖေမြင့်က ပြောဆိုခဲ့ပါတယ်။

ဒီရုပ်သံ ၅ လိုင်းအနေနဲ့ တည်ဆဲ ဥပေဒတွေနဲ့ မီဒီယာ ဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့ အညီ ထုတ်လွှင့်ခွင့်ရမှာဖြစ်တယ်လို့ ပြန်ကြားရေးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့ ရုပ်သံမီဒီယာတွေအပေါ်မှာ ဆင်ဆာလုပ်မှာ မဟုတ်ဘူးလို့ ပြန်ကြားရေးဌာနဘက်က ပြောဆိုထားခဲ့တယ်လို့ အသစ်ထုတ်လွှင့်ခွင့်ရတဲ့ ရုပ်သံမီဒီယာ ၅ ခုထဲက တစ်ခုဖြစ်တဲ့ ဒီဗွီဘီ ဒီမိုကရက်တစ် မြန်မာ့အသံက ပြောပါတယ်။

ပြန်ကြားရေးဌာနလက်အောက် မြန်မာ့အသံမှာ သီးသန့်ရုပ်သံလိုင်းအနေနဲ့ ထုတ်လုပ်ခွင့်ရမှာ ဖြစ်တဲ့အတွက် သူတို့ရဲ့ စာနယ်ဇင်း စည်းမျဉ်းတွေအတိုင်း လိုက်နာကောင်း လိုက်နာရမှာဖြစ်ပေမယ့် သတင်းထုတ်လွှင့်ရာမှာတော့ သူတို့ နဂိုထုတ်လွှင့်တဲ့ ပုံစံအတိုင်း ထုတ်လွှင့်မှာ ဖြစ်တယ်လို့ ဒီဗွီဘီ မြန်မာရုံးခွဲ့ တာဝန်ခံ ဦးတိုးဇော်လတ်က ပြောပါတယ်။

ရုပ်သံလွှင့် ဥပဒေအသက်ဝင်ရင်တော့ ဥပဒေမှာပါရှိတဲ့ ရုပ်သံလွှင့်ကောင်စီကနေတဆင့် ရုပ်သံမီဒီယာတွေကို စီမံခန့်ခွဲ စောင့်ကြည်ကြည့်ရှူရမဲ့ အစီအစဉ်တွေ ရှိလာမှာပါ။

နောက်ပြီး ဂြိုလ်တုဌားရမ်းပြီး သီးသန့် အစုအဖွဲ့လိုက် လုပ်ပိုင်ခွင့်လို ကိစ္စမျိုးတွေကတော့ နည်းဥပဒေ ထွက်ပြီးနောက်ပိုင်းမှ ဖြစ်လာနိုင်မှာ ဖြစ်ပါတယ်။

ဒီရုပ်သံလိုင်းအသစ် ၅ လိုင်းကတော့ လာမယ့် ဧပြီလအတွင်းမှာ စတင် ထုတ်လွှင့်နိုင်ဖို့ မျှော်မှန်းထားကြပါတယ်။

အစိုးရသစ်လက်ထက်မှာ ပထမဆုံးအနေနဲ့ အသစ်ထုတ်လုပ်ခွင့်ရထားတဲ့ ရုပ်မြင်သံကြားအသစ် ၅ လိုင်းကတော့ ဒီမိုကရက်တစ် မြန်မာ့အသံ၊ မဇ္စျိမ ၊ For Tune၊ My TV နဲ့ Channel K တို့ ဖြစ်ကြပါတယ်။

ဆက်စပ် အကြောင်းအရာများ