ဝင်ငွေရလမ်း မပြနိုင်သူတွေကို တနှစ် အခွန်လျှော့ဖို့ အစိုးရက ဥပဒေကြမ်းတင်

ဓာတ်ပုံ မူပိုင် HLUTTAW
Image caption ဒီဥပဒေကြမ်းကို အတည်ပြုဖို့အတွက် လာမယ့် ဧပြီလ ၁ ရက်နေ့မှာ ဆုံးဖြတ်မယ်

မြန်မာအစိုးရက ပြည်ထောင်စု လွှတ်တော်ကို ပေးပို့ထားတဲ့ ၂၀၁၈ ပြည်ထောင်စု အခွန်ကောက် ဥပဒေကြမ်းမှာ ဝင်ငွေရလမ်း မပြနိုင်သူတွေ ရင်းနှီးမြုပ်နှံမှု လုပ်မယ်ဆိုရင် ရမယ့် ဝင်ငွေတွေအပေါ် အခွန်ငွေ လျှော့ပေါ့ပေးဖို့ စီစဉ်ထားပါတယ်။

အခုလို ဝင်ငွေရလမ်း မပြနိုင်သူတွေက အိမ်ခြံမြေလို မရွှေ့ပြောင်းနိုင်တဲ့ ပိုင်ဆိုင်မှုနဲ့ ကျောက်မျက် ရတနာနဲ့ မော်တော်ယာဉ်တို့လို ရွှေ့ပြောင်းနိုင်တဲ့ ပိုင်ဆိုင်မှုတွေ အပါအဝင် ရင်းနှီးမြုပ်နှံမှုတွေ လုပ်မယ်ဆိုရင် လက်ရှိ အနေအထားမှာ ဝင်ငွေခွန် ၃၀ ရာခိုင်နှုန်း ပေးဆောင်ရတာ ဖြစ်ပါတယ်။

အခုလို ဝင်ငွေခွန် လျှော့မယ့် ဥပဒေကြမ်းကို အတည်ပြုဖို့အတွက် လာမယ့် ဧပြီလ ၁ ရက်နေ့မှာ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

ဒီလိုပြဋ္ဌာန်းဖြစ်ခဲ့ရင် ဝင်ငွေရလမ်း မပြနိုင်သူတွေက ပြဋ္ဌာန်းမှု ၆ လ ပြည့်တဲ့ ၂၀၁၈ စက်တင်ဘာလကုန် မတိုင်ခင်မှာ အခွန် ၃ ရာခိုင်နှုန်းပဲ ပေးဖို့လိုပြီး နောက်ထပ် ၆ လ ကာလဖြစ်တဲ့ ၂၀၁၉ မတ်လ မကုန်ခင် အတွင်း အခွန်ဆောင်ရင်တော့ ၅ ရာခိုင်နှုန်းပဲ ပေးဆောင်ရမှာ ဖြစ်ပါတယ်။

အကြောင်းကြောင်းကြောင့် အခွန်မဆောင်တာနဲ့ လျှော့ဆောင်ထားပြီး မြုပ်နေတဲ့ ငွေတဲ့ ရှိတဲ့အတွက် ဒါဟာ အခွန် လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့ သဘောမျိုး ဖြစ်တယ်လို့ ဖျာပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က ဘီဘီစီကို ပြောပါတယ်။

အခုလို ဝင်ငွေခွန် တနှစ်သက်သာခွင့် ပြုလိုက်တဲ့အတွက် လက်ရှိ အရောင်းအဝယ် အေးနေတဲ့ အိမ်ခြံမြေ ဈေးကွက် အပေါ် သက်ရောက်မှု ရှိနိုင်တယ်လို့ ကုန်သည် စက်မှု အသင်းချုပ်ရဲ့ ဗဟို အလုပ်အမှုဆောင် တဦးဖြစ်တဲ့ ဦးရဲမင်းအောင်က ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့် တရားမဝင် ငွေမည်းကနေ တရားဝင် ငွေဖြူလုပ်ချင်တဲ့ သူတွေအတွက်လည်း အခွင့်အလမ်းတခု ဖြစ်လာနိုင်တယ်လို့ စီးပွားရေး ပညာရှင် တချို့က ဆိုပါတယ်။