ဘာသာရေး အဖွဲ့တွေနဲ့ ပူးပေါင်းခဲ့ပေမယ့် NVC ကဒ်ထုတ်သူနည်းပါး

ဓာတ်ပုံ မူပိုင် MOI Facebook
Image caption NVC နိုင်ငံသား စိစစ်မှုအတွက် အရေးပါတဲ့ ကဒ်ပြားများ မနှစ်က ရွှေဇားရွာမှာ ပြုလုပ်ပေးစဉ်

ရခိုင်ပြည်နယ်မှာ နိုင်ငံသား စိစစ်မှုအတွက် အရေးပါတဲ့ NVC (National Verification Card) ကဒ် ထုတ်ပေးရေး လုပ်ငန်းစဉ်တွေမှာ မွတ်ဆလင်တွေ ပိုမိုပါဝင်လာစေဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး ၂၀၁၇ ခုနစ်အတွင်းမှာ ရခိုင်ပြည်နယ်အတွင်း NVC ခေါ် နိုင်ငံသား စိစစ်မှု ဆိုင်ရာ ကဒ်ပြား လာရောက်ထုတ်ယူသူ အရေအတွက် ၅ ထောင်ကျော် ရှိခဲ့တယ်လို့ အစိုးရက ထုတ်ပြန်ပါတယ်။

သူတို့ဆီမှာ NVC ကဒ်ရှိမှ ငါးဖမ်းခွင့်ပြုတဲ့ လိုင်စင် ထုတ်ပေးပြီး အဲဒီ လိုင်စင် ရှိမှသာ ပင်လယ်ထွက် ငါးဖမ်းနိုင်ကြောင်း ၊ အဲဒီလို ငါးဖမ်း မထွက်နိုင်ရင် ၀မ်းစာရေး အတွက် အခက်အခဲ ရှိလာတာကြောင့် NVC ကဒ်ကို လုပ်ရတာဖြစ်ကြောင်း ၊ စစ်တွေမြို့နယ် သဲချောင်းကျေးရွာ အုပ်စု က မွတ်ဆလင် ၁၀၀၀ ကျော်လောက် NVC ကဒ်တွေ လုပ်ခဲ့ကြတာ ဖြစ်ကြောင်း ဒေသခံတဦးက ပြောပါတယ်။

ငါးဖမ်းလုပ်ငန်းနဲ့ အသက်မွေးမှု နည်းပါးတဲ့ ဘူးသီးတောင်မြို့နယ် မှာတော့ NVC ကဒ်ကိုင်ဆောင်သူ အနည်းအပါးသာ ရှိခဲ့ပြီး အရင်ကလည်း အလားတူ ဖြစ်တဲ့ White Card ထုတ်ပေးတာမျိုး ရှိခဲ့ဖူးပေမယ့် နှစ်ပေါင်း နှစ်ဆယ်ကြာ ဒီအတိုင်းဘဲ ထားခဲ့တာကြောင့် အခုလည်း ဒါမျိုး ဖြစ်မှာ စိုးရိမ်တဲ့ အတွက် NVC ကဒ်ကို မထုတ်တာ ဖြစ်မယ်လို့ ရန်ချောင်းကျေးရွာက အဗ္ဗဒူလာက ဆိုပါတယ်။

အစိုးရက ထုတ်ပြန်ထားတဲ့ ၂၀၁၇ နှစ်ကုန်ပိုင်းအထိ စာရင်းတွေအရတော့ NVC ကဒ် ထုတ်ယူသူများလာခဲ့ပေမဲ့ လက်ရှိအချိန်အထိ ရခိုင်ပြည်နယ်အတွင်းမှာ မွတ်ဆလင်အရေအတွက် သိန်းနဲ့ချီ ရှိနေသေးတာကြောင့် ဒီကဒ်ထုတ်ပေးတဲ့ စနစ်အပေါ် မွတ်ဆလင်တွေအကြား ဝိဝါဒကွဲပြားစရာ ဖြစ်နေဆဲပဲဆိုတာ ပေါ်လွင်နေတယ်လို့ တချို့က သုံးသပ်ကြပါတယ်။