ကြက်ဖကြီး ဟောင်နေတဲ့ ပုံကြောင့် ပြောစမှတ်တွင်

ဓာတ်ပုံ မူပိုင် AFP
Image caption ကြက်ဖကြီးက ဟောင်နေတဲ့ပုံကြောင့် ကုန်သွယ်ရေး ဝန်ကြီး တောင်းပန်လိုက်ရ

မလေးရှား နိုင်ငံထုတ် တရုတ်သတင်းစာကြီးတခုမှာ မလေးရှား ကုန်သွယ်ရေး ဝန်ကြီးဌာနရဲ့ တရုတ် နှစ်သစ်ကူးနေ့ ကြော်ငြာ ရုပ်ပုံမှာ အခုနှစ်မှာ ကျရောက်တဲ့ တရုတ်ရိုးရာ ဆယ့်နှစ်ရာသီ အရုပ် ဖြစ်တဲ့ ခွေးရုပ်ပုံကို ဖော်ပြရမယ့်အစား မနှစ်က ပြီးသွားတဲ့ ကြက်ဖ ပုံကြီးကို ဖော်ပြထားတာ တွေ့ရပါတယ်။

မလေးရှား ကုန်သွယ်ရေး ဝန်ကြီးက အခုနှစ် ကျရောက်တဲ့ ခွေးနှစ်မှာ ပြည်သူတွေ ကြွယ်ဝချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းထားပေမယ့် ပုံထဲမှာတော့ ကြက်ဖကြီးက ခွေးလို ဟောင်နေတဲ့ ပုံကြီး ဖြစ်နေပါတယ်။

ခွေးကို မသန့်ရှင်း မစင်ကြယ်တဲ့ သတ္တဝါတွေအဖြစ် သတ်မှတ်တဲ့ မလေးရှား မွတ်ဆလင် တချို့ကတော့ ဒါကို ယဉ်ကျေးမှု ရိုးရာ အရှုပ်တော်ပုံ ထဲ ဆွဲထည့်ခဲ့ကြပေမယ့် မလေးရှား ကုန်သွယ်ရေး ဝန်ကြီးကတော့ ဒါဟာ နည်းပညာပိုင်း အမှားအယွင်း တခုလို့ တောင်းပန်ထားပါတယ်။

မလေးရှားနိုင်ငံမှာ လူများစု မွတ်ဆလင်တွေကို စော်ကားသလို မဖြစ်အောင် ရှောင်ရှားတဲ့အနေနဲ့ မလေးရှား စီးပွားရေးလုပ်ငန်းတွေမှာ ခွေးရုပ်ပုံ အမှတ်တံဆိပ် သင်္ကေတတွေကို လုံးဝ အသုံးမပြုတာမျိုး ဒါမှမဟုတ် ပေါ်ပေါ်ထင်ထင် မဖေါ်ပြတာမျိုး တွေ့ရတယ် ဆိုတဲ့အကြောင်း ရိုက်တာစ် သတင်းဌာနက အခု သီတင်းပတ် အစောပိုင်းတုန်းက ဖေါ်ပြခဲ့ပါသေးတယ်။

မလေးရှားနိုင်ငံမှာ မလေး တရုတ် လူမျိုးက နိုင်ငံရဲ့ လေးပုံ တပုံလောက်ပဲ ရှိပြီး ဒီကြော်ငြာဟာ ခွေးပုံကို ရှောင်ဖို့ ဆုံးဖြတ်ချက် လွဲသွားရာကနေ ဖြစ်ခဲ့တာလို့ ထင်စရာ ဖြစ်လာခဲ့ပါတယ်။

Facebook ပေါ်မှာ တယောက်ကတော့ ဒီကြော်ငြာဟာ ဆင်ခြင်တုံ တရား ကင်းမဲ့မှုတခုသာ ဖြစ်တယ်လို့ မှတ်ချက် ရေးထားသလို နောက်တယောက်ကလည်း ဒါဟာ နိုင်ငံနဲ့ ချီတဲ့ သိက္ခာကျ စရာ လုပ်ရပ်ကြီး ဖြစ်တယ် လို့ ဆိုပါတယ်။

ဒါပေမယ့် သာမန်အမှားပေါ် မူတည်ပြီး တရုတ်လူမျိုးတွေ ဒေါသ အမျက်ထွက်အောင် လူတချို့က လုပ်ဖို့ ကြိုးစားနေတယ် ဆိုပြီး မလေးရှား တရုတ် အသင်းရဲ့ ဘာသာရေး လိုက်လျောညီထွေ ဖြစ်ရေး အဖွဲ့ ဥက္ကဋ္ဌကို ကိုးကားပြီး အင်္ဂလိပ်ဘာသာနဲ့ ရေးသား ထုတ်ဝေတဲ့ The Star သတင်းစာကြီးထဲမှာ ဖေါ်ပြထားပါတယ်။

တရုတ် လူမျိုးတွေဟာ အတော်လေး လက်တွေ့ကျပြီး အပူအပင် မထားတတ်တဲ့ သူတွေ ဖြစ်တာမို့ တရုတ် လူမျိုး အသိုင်းအဝိုင်းကြားမှာ အကြီးအကျယ် စိတ်အနှောင့်အယှက် ဖြစ်စရာ ရှိမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

အတိုက်အခံ DAP ပါတီဟာ မကျေနပ်မှုတွေ အမုန်းတရားတွေ ပွားလာအောင် သွေးထိုး လှုံ့ဆော်နေတယ် ဆိုပြီးတော့လည်း သူက စွပ်စွဲ ပြောသွားပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ