၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ပညာရေးဘတ်ဂျက်ပိုသုံး

ဓာတ်ပုံ မူပိုင် MYANMAR STATE COUNSELLOR OFFICE
Image caption ဒီဇင်ဘာလအတွင်းက နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ ပညာရေးတိုးတက်မှု နှီးနှောဖလှယ်ပွဲတခု

NLD အစိုးရက ပညာရေးဘတ်ဂျက်ကို အရင်အစိုးရသုံးဆွဲခဲ့တဲ့ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်ထက် နှစ်ဆပိုတိုးမြှင့်သုံးစွဲထားတယ်လို့ ပြည်သူ့ငွေစာရင်းပူးပေါင်းရေး ကော်မတီက ပြည်ထောင်စုလွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

ပညာရေးဘတ်ဂျက်ကို အရင်အစိုးရက အတည်ပြုထားခဲ့တဲ့ဘတ်ဂျက်အတိုင်း NLD အစိုးရကသုံးစွဲခဲ့တာဖြစ်ပြီး ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်ကစပြီး သုံးစွဲခဲ့တာဖြစ်ပါတယ်။

အဲဒီနှစ်ဘတ်ဂျက်မှာ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုအသုံးစရိတ်တွေမှာ ပိုမိုသုံးစွဲမယ်ဆိုတဲ့ မူဝါဒကို အတိအလင်း ချမှတ်ရေးဆွဲခဲ့တာဖြစ်ပြီး၊ ပညာရေး အသုံးစရိတ်ကို ပြည်ထောင်စုဘတ်ဂျက်ရဲ့ ၈.၇ ရာခိုင်နှုန်းအထိ သုံးစွဲခဲ့တယ်လို့ ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီရဲ့ အတွင်းရေးမှုး ဦးတင်ထွန်းနိုင်က ဘီဘီစီကို ပြောပါတယ်။

အခုထပ်တိုးမြင့် သုံးစွဲလိုက်တဲ့ ဘတ်ဂျက်အရ ပညာရေးဝန်ထမ်းတွေရဲ့ အသုံးစရိတ်၊ ပညာရေးဆိုင်ရာ အဆောက်အအုံနဲ့ သင်ထောက်ကူပစ္စည်း သုံးစွဲမှုအပြင်၊ ဆရာဆရာမစတဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးရေးတွေမှာလည်း သုံးစွဲနိုင်မှာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

အရင်ဘဏ္ဍာနှစ်တွေမှာ ကာကွယ်ရေးအသုံးစရိတ်ဟာ ပညာရေးအသုံးစရိတ်ထက် သုံးဆပိုပြီး သုံးစွဲခဲ့တဲ့အတွက် ဝေဖန်ပြောဆိုမှုတွေ ရှိနေရာမှာ အခုတိုးမြှင့်လိုက်တဲ့ ပညာရေး အသုံးစရိတ်အရ ကာကွယ်ရေး အသုံးစရိတ်နဲ့ ပညာရေး အသုံးစရိတ်ဟာ ၁. ၅ ဆပဲ ကွာခြားတော့တယ်လို့ ဦးတင်ထွန်းနိုင်က ဆိုပါတယ်။

နိုင်ငံတကာမှာတော့ ပညာရေးအသုံးစရိတ်ကို နိုင်ငံအတွက်အသုံးပြုမယ့် ဘတ်ဂျက်တခုလုံးရဲ့ ၂၀ ရာခိုင်နှုန်း ထုတ်ယူသုံးစွဲလေ့ရှိတယ်လို့ ပညာရေးသုတေသီတွေက ပြောဆိုကြပါတယ်။

အခုလို ပညာရေးအတွက် ဘတ်ဂျက်ပိုသုံးလာတာက ပညာရေးကဏ္ဍအပြင် တခြားကဏ္ဍတွေမှာလည်း တိုးတက်လာမယ်လို့ ထင်မြင်ကြောင်း NNER ( National Network for Education Reform) အဖွဲ့ဝင် ဒေါက်တာသိန်းလွင်က ပြောပါတယ်။

ပြီးခဲ့တဲ့လအတွင်းမှာလည်း ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးဖို့နဲ့ သင်ထောက်ကူပစ္စည်း လုံလောက်စွာ သုံးစွဲခွင့်ရဖို့အတွက် မန္တလေးရတနာပုံ တက္ကသိုလ်က ကျောင်းသားတချိုနဲ့ စစ်ကိုင်း ပညာရေးတက္ကသိုလ်က ကျောင်းသားတချို့က တောင်းဆိုခဲ့ကြပါတယ်။

ခုလို ပညာရေးအသုံးစရိတ် ပိုတိုးမြှင့်သုံးလာပေမယ့်လည်း ၂၀၁၇ -၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ ကာကွယ်ရေးဘတ်ဂျက်က ၁၄.၁၆ ရာခိုင်နှုန်းအထိ ရှိတာကြောင့် ပညာရေး ဘတ်ဂျက်ထက် ပိုများနေသေးတာကို တွေ့ရပါတယ်။