ငြိမ်းစုစီ ဥပဒေကို ပြင်ဆင်မယ့် ဥပဒေကြမ်း အမျိုးသားလွှတ်တော်ကို တင်သွင်း

ပေါက်မြို့က တောင်သူတွေ ဆန္ဒပြ
ဓာတ်ပုံ ပုံစာ,

ပေါက်မြို့က တောင်သူတွေ ဆန္ဒပြ

ငြိမ်းစုစီလို့လူသိများတဲ့ ငြိမ်းချမ်းစွာ စုဝေးခြင်းနဲ့စီတန်း လှည့်လည်ခြင်း ဥပဒေကို ပြင်ဆင်မယ့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ ဖေဖော်ဝါရီ ၁၈ ရက်က တင်သွင်းခဲ့ပါတယ်။

စီတန်းလှည့်လည်ပြီး ဆန္ဒဖော်ထုတ်ရာမှာ ဥပဒေ အကာအကွယ်ကို အခွင့်ကောင်းယူပြီး နိုင်ငံတော်နဲ့နိုင်ငံသားတို့ရဲ့ အကျိုးစီးပွားကို နှောင့်ယှက်ဖျက်စီးမယ့် အန္တရာယ်ကနေ ကာကွယ်ဖို့ ပြင်ဆင်တာလို့ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီရဲ့အစီရင်ခံစာမှာ ဖော်ပြထား ပါတယ်။

၂၀၀၈ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေဘောင်အထဲကနေ ဥပဒေကို ပြင်ဆင်ထားတာ ဖြစ်တယ်လို့ အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းက ဘီဘီစီကို ပြောပါတယ်။

စီတန်းလှည့်လည်လိုသူတွေဟာ ပြုလုပ်မယ့် အစီအစဉ်၊ ခန့်မှန်းလူဦးရေကိုသာ သက်ဆိုင်ရာကို တင်ပြရမှာဖြစ်တယ်ဆိုတဲ့အပိုဒ်နေရာမှာ ခန့်မှန်းကုန်ကျစရိတ်နဲ့ ကုန်ကျခံမယ့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကိုပါ တင်ပြရမယ်ဆိုတဲ့ အချက်ကို ဥပဒေကြမ်းမှာ ပြင်ဆင် ဖြည့်စွက်ထားပါတယ်။

ဒါအပြင် နိုင်ငံတော်လုံခြုံရေး တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနဲ့ ပြည်သူတို့ရဲ့ ကိုယ့်ကျင့်တရားတွေကို ပျက်ပြားအောင် ကြံစည်တာ၊ ငွေ ဒါမှမဟုတ် ပစ္စည်းတွေသုံးပြီး တခြားတဦးကို ငြိမ်းချမ်းစွာ စုဝေးစီတန်းလှည့်လည်အောင် လှုံ့ဆော် ဖြားယောင်း တိုက်တွန်းသူတွေကို ၃ နှစ်ထက်မပိုတဲ့ ထောင်ဒဏ်နဲ့ ငွေဒဏ်ချမှတ်နိုင်ဖို့လည်း ပြင်ဆင်ထားပါတယ်။

ပြင်ဆင်ဖြည့်စွက်ချက်တွေနဲ့ ပတ်သက်ပြီး မကြာခင်မှာ လွှတ်တော်မှာ ဆွေးနွေးဖို့ ရှိနေပါတယ်။

ငြိမ်းစုစီ ဥပဒေကို အရင် သမ္မတ ဦးသိန်းစိန်းအစိုးရလက်ထက်က ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲမှာ အနိုင်ရပြီး ၂၀၁၆ ခုနှစ်က တကြိမ် ဒီဥပဒေကို ပြင်ဆင်ခဲ့ပါသေးတယ်။