လူမနေရ နယ်မြေမှာ အကြမ်းဖက် သမားတွေ ရှိနေတယ်လို့ဆို

Image caption လူမနေရ နယ်မြေမှာ နေထိုင်နေကြသူများ

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ် နှစ်နိုင်ငံကြားက လူမနေရ Zero Land နေရာမှာ သွားရောက် နေထိုင်ကြတဲ့ မွတ်ဆလင် ၆၅၀၀ ကျော်ထဲမှာ အကြမ်းဖက် အဖွဲ့အစည်းက လူတွေ ပါဝင်နေတယ်လို့ သတင်းရ ထားကြောင်း မြန်မာအစိုးရ ပြောရေးဆိုခွင့် ရှိသူက ပြောပါတယ်။

အဲဒီလူတွေ ထဲမှာ အစိုးရက ထုတ်ပြန်ထားခဲ့တဲ့ အကြမ်းဖက်သမားတွေ ပါမပါ စိစစ်သွားမယ်လို့ နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

လူနေခွင့် မရှိတဲ့ အဲဒီနေရာမှာ နေထိုင်နေတဲ့ လူ ၆ ထောင်ကျော်ရဲ့ စာရင်းက ဘင်္ဂလားဒေ့ရှ် အစိုးရ ဆီမှာ မရှိတဲ့ အတွက် သူတို့ စာရင်း ကောက်ပြီး အကြမ်းဖက် သမားတွေ ပါမပါ စိစစ်မယ်လို့ သူက ပြောပါတယ်။

အဲဒီ လူတွေ အရေးနဲ့ပတ်သက်လို့ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ် အစိုးရ နှစ်နိုင်ငံ ခရိုင်အဆင့် တာဝန် ရှိသူတွေ ဖေဖော်ဝါရီ ၂၀ ရက်နေ့က ဆွေးနွေးခဲ့ကြ ပြီးတဲ့နောက် နှစ်ဖက် တာဝန် ရှိသူတွေက အဲဒီလူတွေနဲ့ သွားရောက် တွေ့ဆုံခဲ့ပါတယ်။

သူတို့ဟာ နိုင်ငံတကာ ဥပဒေအရ ဘယ်သူမှ နေထိုင်ခွင့် မရှိတဲ့ နေရာမှာ နေထိုင် နေကြတာ ဖြစ်ပြီး သူတို့ကို INGO အဖွဲ့ အစည်းတွေက ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်း ကနေ ထောက်ပံ့ နေကြတယ် လို့ ဦးဇော်ဌေးက ပြောပါတယ်။

အခုလို နှစ်နိုင်ငံ နယ်စပ်ကြားက လူမနေရ နယ်မြေမှာ လာရောက် နေထိုင် နေတာဟာ ရည်ရွယ်ချက် ရှိရှိ လာရောက် နေထိုင်နေတာ ဖြစ်တယ်လို့ လည်း အစိုးရက သုံးသပ် ပါတယ်။

သူတို့ကို မြန်မာအစိုးရက ဥပဒေနဲ့အညီရှင်းလင်းမှုလုပ်ရင် ဒါကိုအကြောင်းပြုပြီး နိုင်ငံတကာ ဖိအားတွေ ထပ်တိုးလာအောင် ထောင်ချောက်ဆင်ထားတာလို့ ဦးဇော်ဌေးက ပြောပါတယ်။

သူတို့ အနေနဲ့ အဲဒီ မွတ်ဆလင် တွေကို နေရာကနေ ထွက်ခွာအောင် အတင်းအကျပ် လုပ်ဆောင်မှာ မဟုတ်သလို သူ့သဘောနဲ့သူ နေရပ် ပြန်လာရင်လည်း နှစ်နိုင်ငံ သဘောတူထားတဲ့ လုပ်ထုံးလုပ်နည်း အတိုင်းသာ စိစစ် လက်ခံသွားမယ်လို့ ဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ